ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်တွင် ဇူလိုင်လ ၂၁ ရက်နေ့ကစပြီး စစ်ကောင်စီနှင့် CDF-Mindat တို့အကြား တကျော့ပြန်တိုက်ပွဲ ဖြစ်လာခဲ့ပြီးနောက် ယခုလိုသာ ဆက်လက်ဖြစ်ပွားနေမည်ဆိုပါက စစ်ဘေးရှောင်ပြည်သူများအပါအဝင် ဒေသခံရွာသားများလည်း ဆေးဝါးနှင့် စားနပ်ရိက္ခာအခက်အခဲ ပိုကြုံတွေ့လာနိုင်မည်ဟု သိရသည်။
“တချို့လည်း တော်တော်များများခက်ခဲတာတော့ရှိတယ် ဒါပေမယ့် ကျွန်တော်တို့လဲ တော်တော်များများကိုလည်း ပေးတာရှိသလို ဘာသာရေးအဖွဲ့စည်းကလည်း ပေးတာနည်းနည်းပါးပါးရှိတယ်၊ တအားကြီး မခက်ခဲသေးပေမယ့် ဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင်တော့ နောက် တစ်လ နှစ်လလောက်ဆိုရင် တော်တော်လေးကို စားဝတ်နေရေးကအစ အစားအသောက်တွေ အခက်အခဲဖြစ်လာနိုင်တယ်၊ အဓိက ဆေးဝါးရယ်၊ အစားအသောက်ရယ် ခက်ခဲလာနိုင်တယ်” ဟု မင်းတပ်မြို့နယ် စစ်ဘေးရှောင်စီမံခန့်ခွဲရေး ကော်မတီဝင်တစ်ဦးက ပြောသည်။
မင်းတပ်မြို့နယ်အတွင်းရှိ ရိက္ခာသယ်ယူသော လမ်းကြောင်းကို အာဏာသိမ်းစစ်ကောင်စီ၏ တင်းကြပ်မှုနှင့် ဖမ်းဆီးစစ်ဆေးမှုများရှိနေသောကြာင့် စစ်ဘေးရှောင်ပြည်သူများအတွက် ရိက္ခာများ ပြတ်လပ်လာမည့်အခြေအနေ ကြုံတွေ့လာရခြင်းဖြစ်သည်။
မင်းတပ်မြို့အတွင်း တိုက်ပွဲများ ထပ်မံဖြစ်ပွားမှုမရှိသော်လည်း မင်းတပ်မြို့နယ်နှင့် ကျေးရွာဖက်များတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် တိုက်ပွဲရှောင်ပြည်သူများကို လက်ခံထားသော ကျေးရွာဒေသခံများကိုယ်တိုင်လည်း စစ်ဘေးသင့်အခြေအနေ ကြုံနေရသည့်အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လူနေအိမ်များ၊ ဘုရားကျောင်းများတွင် ဝင်ရောက်ပြီး ပစ္စည်းများကို မွှေနှောက်ရှာဖွေ ဖျက်ဆီးခဲ့ကြောင်းလည်း ဒေသခံများထံမှ သိရသည်။
“စစ်ဘေးရှောင်တွေကို လက်ခံတဲ့ ရွာကိုယ်နှိုက်ကိုက စကစတွေလာရင် ပြေးကြတယ်၊ အိမ်တွေ၊ အစားအသောက်တွေ အရင်တခေါက်ကလည်း ဖျက်ဆီးခံရတယ်။ အခုတခေါက်လည်း ဝမ္မတူးမှာဆိုရင် တော်တော်လေးကို အိမ်တိုင်း ရှိသမျှပစ္စည်းတွေ၊ ဆန်တွေရော အကုန်ဖျက်ဆီးတာ၊ အခုက ရွာသားတွေကိုယ်နှိုက်ကိုက စစ်ဘေးသင့်နေကြတယ်၊ အခုက မြို့မှာမဟုတ်တော့ပဲနဲ့ ရွာဖက်တွေမှာပဲ စစ်ဖြစ်နေကြတာဆိုတော့” ဟု ဒေသခံတစ်ဦးက ပြောသည်။
မင်းတပ်မြို့နယ် စစ်ဘေးရှောင်ကူညီရေးကော်မတီ၏ လက်ရှိ စစ်ဘေးရှောင်လူဦးရေစာရင်းအရ ငါးထောင်ကျော်နှင့် ခြောက်ထောင်ဝန်းကျင်ခန့်ရှိပြီး ကျေးရွာပေါင်း ၈၀ ခန့်တို့တွင် စစ်ဘေးရှောင်များ ခိုလှုံနေကြရသည်ဟု သိရသည်။
ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် ဧပြီလကုန်ပိုင်းကစပြီး စစ်အာဏာသိမ်းမှု ဆန့်ကျင်ကန့်ကွက် ဆန္ဒဖော်ထုတ်ကြသည့် ပြည်သူများကို စစ်ကောင်စီက အကြမ်းဖက ဖမ်းဆီးပစ်ခတ်မှုရှိလာခြင်းကြောင့် မင်းတပ်မြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CDF-Mindat) ဖွဲ့စည်းကာ စစ်ကောင်စီတပ်ဖွဲ့နှင့် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့ကြခြင်းဖြစ်သည်။