(004SS)
ချင်းပြည်နယ် တီးတိန်မြို့တွင် တော်လှန်ရေးတပ်ဖွဲ့အမည်ကို အလွဲသုံးစားလုပ်၍ ပြည်သူများထံ ငွေကြေးအပါအဝင် ပစ္စည်းအမျိုးမျိုး လိမ်လည်တောင်းခံလေ့ရှိသူ အမျိုးသားတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း တီးတိန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သည်။
အသက် ၂၀ အရွယ်ခန့်ရှိသော မာန်ရှင်းတုန်သည် တီးတိန်မြို့ပေါ်တွင် ZFU/ PDF-Zoland တပ်ဖွဲ့ကဟုဆိုကာ ငွေကြေးများ တောင်းခံလေ့ရှိသည့်အတွက် PDF-Zoland နှင့် PPF ပြည်သူ့ရဲတပ်ဖွဲ့တို့က ဧပြီလ ၁ ရက်နေ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
မာန်ရှင်းတုန်သည် တီးတိန်မြို့ပေါ်နှင့် အနီးနားရှိ ပြည်သူများထံ ငွေကြေးများ မကြာခဏ တောင်းခံလေ့ရှိသည့်အပြင် ၎င်းလိုချင်သော ပစ္စည်းများကိုလည်း တော်လှန်ရေးတပ်ဖွဲ့အမည်ဖြင့် လိမ်လည်ပြောဆိုကာ တောင်းခံလေ့ရှိသူဟု သိရသည်။
အလားတူ အသက် ၁၉ နှစ်ရှိ မောင်ဂင့်ဇဗန်ကိုလည်း တီးတိန်မြို့ပေါ်နှင့်အနီးတစ်ဝိုက်ရှိ ပြည်သူများထံ ငွေကြေးနှင့်ပစ္စည်းများ တောင်းခံနေသောကြောင့် မတ်လ ၁၅ ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီးခံခဲ့ပြီးဖြစ်သည်။
၎င်းတို့သည် ေတာ်လှန်ေရးတပ်ဖွဲ့အမည်အား အလွဲသုံးစားပြုလုပ်ပြီး တောင်းခံသည့်အပြင် ယခင်ကလည်း ပြည်သူပိုင်ပစ္စည်းများ ခိုးယူလေ့ရှိသူများဟု ဒေသခံများ၏ေပြာပြချက်အရ သိရသည်။
တီးတိန်မြို့ဒေသခံတစ်ဦးက “အခုလိုမျိုး လူလိမ်တွေများလာတယ်ဆိုတော့ ကျွန်တော်တို့ ပြည်သူတွေကလဲ အလိမ်မခံရအောင် ကောင်းကောင်း သတိထာဖို့လိုလာပြီ” ဟု ပြောသည်။
လက်ရှိ ဖမ်းဆီးခံရသူများအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့မှ ခေတ္တထိန်းသိမ်းထားကြောင်း သိရသည်။
“အခုလိုမျိုးဖမ်းတယ်ဆိုတာ ဖမ်းချင်တိုင်ဖမ်းတာမဟုတ်ပါဘူး၊ ေစာင့်ကြည့်ပြီးမှ မဖမ်းလို့မဖြစ်တော့မှပဲ ဖမ်းဆီးခြင်း သာဖြစ်ပါတယ်။ သူတို့ကို ပစ်မှုနဲ့အညီ အရေးယူမှာဖြစ်ပါတယ်။ ခုလို နာမည်အလွဲသုံးစားလုပ်ပြီး မလိမ်ပါနဲ့၊ ကျွန်တော်တို့ တိုင်းပြည်ေကာင်းဖို့ရာ တစ်ဖက်တစ်လမ်းကနေ ပါဝင်ပေးကြပါ” ဟု တီးတိန်မြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
နောက်နောင်တွင်လည်း ပြည်သူများအခက်ကြုံစေသည့် လုပ်ရပ်များလုပ်ဆောင်သူများ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ZFU/ PDF-Zoland အမည်အား အလွဲသုံးစားပြုသူများကို ပြင်းထန်စွာအရေးယူသွားမည်ဟု တီးတိန်မြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့က မတ်လ ၂၃ ရက်နေ့တွင် သတိပေးချက် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
စစ်အာဏာသိမ်းပြီး ၃ နှစ်ကျော်အတွင်း တီးတိန်မြို့နယ်တွင် ခိုးဆိုးလုယက်မှု၊ မူးယစ်ဆေး၀ါးရောင်း၀ယ်ဖောက်ကားမှုအပါအဝင် သုံးစွဲမှု၊ တော်လှန်ရေးတပ်ဖွဲ့နာမည် အလွဲသုံးစားမှု စသည်ဖြင့် ဖမ်းဆီးခံရသူ အယောက် ၃၀ ကျော်ရှိပြီဖြစ်ကာ ပြန်လည်လွှတ်ပေးသူများလည်းရှိကြောင်း သိရသည်။