ချင်းပြည်နယ် တီးတိန်မြို့နယ် ကလေး-တီးတိန်ကားလမ်းပေါ်ရှိ ဟိန်ဇင်ကျေးရွာအနီးတွင် ယနေ့နံနက်ပိုင်း ၈ နာရီခန့်ကစ၍ စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားနေကြောင်း PDF-Zoland က ထုတ်ပြန်သည်။
အင်အား ၁၀၀ ကျော်လောက်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဇန်နဝါရီလ ၁၂ ရက်နေ့ကတည်းက ကလေးမြို့မှ ချင်းတောင်ဘက်သို့စစ်ကြောင်းချီလာပြီး ထေးဇန်ကျေးရွာမှာ ညအိပ်တည်းခိုခဲ့ကြပြီးနောက် ဇန်နဝါရီလ ၁၃ ရက်နေ့ မနက်ပိုင်းမှာ CNA, CNDF, PDF-Zoland, CDM Siyin, Zogam Army, People’s Defense Army (PDA) စတဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ကြခြင်းဖြစ်သည်။
ဇန်နဝါရီလ ၁၄ ရက်နေ့ကလည်း မနက်ပိုင်း ၁၀ နာရီမှ ညနေပိုင်း ၃ နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီဘက်က တစ်ဦးသေဆုံးကာ ဒဏ်ရာရရှိသူများလည်းရှိသည်ဟု သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ထေးဇန်ကျေးရွာဘက်မှ ဟိန်ဇင်ကျေးရွာဘက်သို့ ရောက်ရှိလာပြီးနောက် နေအိမ်အတွင်းပုန်းနေသည့်အသက် ၃၀ အရွယ် ဦးမန်ဒိုခုပ်ကို ပစ်သတ်ခဲ့ကြသည်ဟုလည်း သိရသည်။
ယနေ့ နံနက်ပိုင်းတွင်လည်း ကလေးမြို့မှ ချင်းတောင်ဘက်သို့ လက်နက်ကြီးများအပါအဝင် စစ်ကားများတက်သွားသည်ဟု သိရသည်။