(002MG)
ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်၊ ဆိုင်းဇန်ကျေးရွာကို စစ်ကောင်စီက မြေပြင်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဧပြီလ (၉) ရက်ညသန်းခေါင်ယံမှာ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် တအိမ်ထဲနေ မိသားစုဝင် (၆) ဦးပွဲချင်းသေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရရှိသူများရှိခဲ့သည်ဟု သိရသည်။
ဆိုင်းဇန်ကျေးရွာ ဒေသခံအမျိုးသားတဦးက “ည (၁၁) နာရီလောက်မှာ ရွာထဲကိုဗုံးကြဲလိုက်တာ၊ မိသားစုတစုထဲ က (၆) ယောက်သေတာ။ အမျိုးသား၊အမျိုးသမီးရော၊ ကလေးရောပါတယ်။ တခြားဒဏ်ရာရတဲ့သူတွေလည်း ရှိ တယ်။ နေအိမ်တွေလဲပျက်စီးတယ်။ သူတို့က ပထမဦးဆုံးအကြိမ်ဗုံးကြဲတာဆိုတော့ ခြိမ်းခြောက်တဲ့သဘောဖြစ်မှာ အရပ်သားပြည်သူတွေကို ခြောက်လှန့်ပြီးတော့ တီးတိန်ကိုမတိုက်ဖို့ ဖိအားပေး လာနိုင်တဲ့လှည့်ကွက်နဲ့ လုပ်တာ ထင်တယ်” ဟု ပြောသည်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် မိသားစုတစ်စုထဲက Pa Pau Sian Kham ၊ Nu Cing Sen Don နှင့် သားသမီးများ ဖြစ်ကြသော Kham Ho Van ၊ Cing Sian Nuam ၊ Suan Deih Sian နှင့် Kim Deih Piang တို့ (၆)ဦး သေဆုံးကာ တစ်ဦးမှာ ပြင်းထန်ဒဏ်ရာရရှိကြောင်းသိရသည်။
ဆိုင်းဇန်ကျေးရွာသည် တီးတိန်မြို့ နှင့် (၇) မိုင်ခန့်ကွာဝေးပြီး ယခင်က ချင်းစော်ဘွားများနေခဲ့သည့် ရွာကြီးတစ်ရွာဖြစ်သည်။
ဆိုင်းဇန်ကျေးရွာတွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်း မရရှိနိုင်သည့်အတွက် ပြည်သူများနှင့် ဆက်သွယ်ရန် အခက် အခဲရှိပြီး စစ်ကောင်စီက လေကြောင်းမှ ထပ်မံတိုက်ခိုက်မှုပြုလုပ်မည်စိုးရိမ်သောကြောင့် စစ်ဘေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။
ချင်းပြည်နယ် ဖလမ်းမြို့ကို ချင်းညီနောင် နှင့် မဟာမိတ်တပ်ဖွဲ့များက သိမ်းပိုက်ကြောင်း ယမန်နေ့က ထုတ်ပြန်ကြေညာအပြီးမှာ စစ်ကောင်စီက ချင်းပြည်ကို လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လာခြင်းဖြစ်ပြီး မင်းတပ်မြို့နယ် ဖွီကျေးရွာကို ယမန်နေ့ညက လေကြောင်းတိုက်ခိုက်မှုကြောင့် ခရစ်ယာန်ဓမ္မဆရာတပါး နှင့် မိသားစုဝင် ၅ ဦး သေဆုံးခဲ့ရသည်ဟု သိရသည်။