(04SS)
ချင်းပြည်နယ်၊ တွန်းဇံမြို့ပေါ်တွင် အသက်မပြည့်သေးသည့် ဆယ်ကျော်သက်အရွယ် ကလေးငယ် ၄ ဦးကို သူခိုးမှုဖြင့် တွန်ဇံလူငယ်များအဖွဲ့မှ ဖမ်းမိကြောင်း သိရသည်။
အဖမ်းခံရသူ လေးဦးမှာ အသက် ၁၂ နှစ်မှ ၁၅ နှစ်အရွယ်များသာရှိသေးပြီး အဖွဲ့လိုက် အိမ်ဖောက်ထွင်းကာ ငွေကြေးခိုးယူမှု၊ ဆိုင်ကယ်ပစ္စည်း ခိုးဖြုတ်မှုများ ပြုလုပ်ခြင်းကြောင့် ၎င်းတို့အား ဩဂုတ်လထဲတွင် တွန်းဇံမြို့ လူငယ်များအဖွဲ့မှ ဖမ်းဆီးကာ ထိန်းသိမ်းထားခြင်းဟု သိရသည်။
“သူတို့က အိမ်ဖောက်တာတွေလုပ်တယ်၊ ပြီးတော့ ဆိုင်ကယ်တွေဆို အစီးလိုက်မခိုးဘူး၊ အပိုင်းအဆတွေကို ခိုးတာ ဥပမာ- ဘီးလုံးဖြုတ်ထုတ်တာမျိုးပေါ့၊ ကြီးကြီးမားမားခိုးတာမျိုးတော့ မရှိသေးဘူး ဒါပေမဲ့ အခုကတည်းက သူတို့အသက်အရွယ်နဲ့မမျှအောင် ခိုးလာလို့ ထိန်းသိမ်းပေးတဲ့သဘောပါ။ အခုက ၄ ယောက် ဖမ်းမိထားတယ် သူတို့ကို အိမ်တစ်အိမ်မှာ လောလောဆယ် ထိန်းသိမ်းထားပြီးတော့ အချို့လူတွေဆီမှာ အကူညီတောင်းခံပြီး သူတို့ကို နေ့တိုင်းထမင်းကျွေးထားတယ်”ဟု ဒေသခံလူငယ်အဖွဲ့ဝင်တစ်ဦးက ပြောသည်။
ထိုသို့ ဖမ်းဆီးထိန်းသိမ်းရာတွင် ၎င်းတို့၏ မိဘများမှလည်း ဆက်လက်ထိန်းထားပေးရန် သဘောတူထားကြောင်း သိရပြီး ထို ကလေးငယ်များအား ရှေ့ဆက် မည်သို့ အရေးယူဆောင်ရွက်မည်ဆိုတာ မဆုံးဖြတ်နိုင်သေးကြောင်း ၎င်းက ဆက်ပြောသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း တွန်းဇံမြို့ပေါ်တွင် ခိုးဆိုးသူများလာပြီး ယခုကဲ့သို့ အသက်မပြည့်သည့် ဆယ်ကျော်သက် အရွယ် ကလေးငယ်များ ခိုးဆိုးလာခြင်းမှာ တွန်ဇံမြို့ပေါ်တွင် ကျောင်းများပိတ်ထားရကာ ပညာသင်ယူနိုင်ခြင်းမရှိသောကြောင့်ဟု တွန်းဇံမြို့ဒေသခံတစ်ဦးက ပြောသည်။
“မြို့ပေါ်မှာတော့ အရင်ကလည်း သူခိုးတွေရှိတာေပါ့ ဒါပေမဲ့ အခုလို ကလေးတွေခိုးလာတာကတော့ ကျောင်းပိတ်ပြီးနောက်ပိုင်းပေါ့၊ ကျောင်းမှာ တိုက်ပွဲဖြစ်ခဲ့တယ် အဲဒီနောက်ပိုင်း ကျောင်းပိတ်တာ အခုထိပေါ့နော်၊ ကျောင်းပိတ်တော့ တချို့က တခြားနယ်တွေမှာ သွားတက်နိုင်တဲ့သူတက်တယ်။ တချို့တခြားနယ်တွေမှာ အမျိုးတွေမရှိဘူးပေါ့ အဲတော့ ဒီတိုင်းမတက်ဘဲနေကြတယ် သူတို့ကျေတာ့ဘာမှ လုပ်စရာမရှိဘူး၊ အားနေတယ်၊ ဒါကြောင့်လမ်းလွဲကုန်ကြတာလို့ မြင်ပါတယ်” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၃ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသကာကွယ်ရေးတပ် CDF-Tonzang တို့အကြား တွန်းဇံမြို့ပေါ် အထက်တန်းကျောင်းတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ယနေ့အထိ ကျောင်းပိတ်ထားဆဲဟု သိရသည်။
ထို့နောက် ဩဂုတ်လ ၂ ရက်နေ့ကလည်း တွန်းဇံမြို့ အခြေစိုက် ရဲတပ်ဖွဲ့များအပါအဝင် စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲထပ်မံ ဖြစ်ပွားခဲ့ပြီးနောက် ဒေသခံ ထက်ဝက်ကျော် စစ်ဘေးတိမ်းရှောင်ခဲ့ကြရာ ယခုတွင် ဒေသခံအချို့ နေရပ်သို့ ပြန်လည်ရောက်ရှိကြပြီဟု သိရသည်။