ရေး – Salai Vakok
|| လားရာနိဒါန်း
ချင်းပြည်နယ်တောင်ပိုင်းက ဒိုင်ရ်လူမျိုးတွေရဲ့ စစ်အာဏာရှင်တော်လှန်ရေး ၃ နှစ်ကျော်အကြာမှာ ဒိုင်ရ်လက်နက်ကိုင်တော်လှန်ရေး၊ လားရာဟာ ခြေလှမ်းအသစ်ပေါ်ပေါက်လာခဲ့ပါတယ်။
စစ်အာဏာရှင် တော်လှန်ရေးမှာ နိုင်ငံတဝန်းက တော်လှန်ရေးအဖွဲ့တွေနဲ့အတူ တစ်ထောင့်တစ်နေရာကနေ ပါဝင်နိုင်ဖို့ ဒိုင်ရ်လူကြီးတွေရဲ့ ကူညီစုစည်းပေးမှုနဲ့ ဒိုင်ရ်လူငယ်တွေက ပလက်ဝမြို့နယ်တနေရာမှာ အာဏာသိမ်းပြီး ၈ လခန့်အကြာ ဒေသအခြေပြုအဖြစ် CDF – ဒိုင်ရ်ကို စတင်ဖွဲ့စည်းပါတယ်။
ဒိုင်ရ် ပြည်သူတွေကို စစ်ကောင်စီရန်က ကာကွယ်ပေးဖို့၊ စစ်အာဏာရှင် နိဂုံးချုပ်ဖို့နဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးအတွက် ဒိုင်ရ်လူငယ်တွေရဲ့ လက်နက်ကိုင်တော်လှန်ရေးက ရည်ရွယ်ခဲ့ခြင်းဖြစ်ပါတယ်။
မင်းတပ်၊ မတူပီ နဲ့ ကန်ပက်လက်မြို့နယ်ထဲက ဒိုင်ရ်တွေလည်း သက်ဆိုင်ရာမြို့နယ်ရဲ့ CDFs တပ်ဖွဲ့မှာ တပ်ရင်းအဖြစ် ဖွဲ့စည်းပြီး ပူးပေါင်းတော်လှန်နေချိန်မှာ ဒိုင်ရ်မျိုးနွယ်စုနဲ့ နယ်မြေတွေ ပေါင်းစည်းနိုင်ရေးကို ကြိုးပမ်းလာမှုဖြစ်ပါတယ်။
“အာဏာသိမ်းခြင်းရဲ့ အကျိုးကျေးဇူးလို့တောင် ပြောလို့ ရတယ်။ မျိုးနွယ်စုတွေက မြို့နယ်တွေကို ဖောက်ထွက်ပြီး ဖွဲ့စည်းပုံအတိုင်း သွားစရာမလိုတော့တဲ့ အခြေအနေ၊ လွတ်လွတ်လပ်လပ်နဲ့ ကိုယ့်ကြမ္မာကို ဖန်တီးခွင့် ရှိတဲ့အတွက် တော်တော်လေး ဒိုင်ရ်ပူးပေါင်း ရေး၊ ဒိုင်ရ် အိုင်ဒန်တီတီ (identity)နဲ့ ပတ်သက်လို့ လွတ်လွတ်လပ်လပ် လုပ်ကိုင်ခွင့် ရှိလာတယ်” လို့ CDF – Daai မှ ခေါင်းဆောင် တစ်ဦးဖြစ်သူ ဆလိုင်းအိုင်ဘတ်က ပြောပါတယ်။
Chinland Joint Defense Committee – CJDC မဖျက်သိမ်းမှီ အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့တဲ့ ပလက်ဝဘက်က CDF – Daai ဦးဆောင် သူတွေဟာ ချင်းတော်လှန် ရေးတိုက်ပွဲတွေအတွင်း မင်းတပ်၊ မတူပီ၊ ကန်ပက်လက်က ဒိုင်ရ်မျိုးနွယ်စုတွေနဲ့ အမြဲထိတွေ့မှုတွေ လုပ်နိုင်ခဲ့ပါတယ်။
နယ်မြေအသီးသီးက ဒိုင်ရ်လူငယ်တွေ မကြာခဏ ဝိုင်းဖွဲ့စကားပြောဖြစ်လာကြပြီး ရင်နှီးပွင့်လင်းလာကာ ရည်မှန်းချက် တူညီနေမှုကို တွေ့ရှိခဲ့ကြပါတယ်။ အာဏာမသိမ်းမီက မြို့နယ်တွေ ခြားထားတဲ့ ဒိုင်ရ်လူငယ်တွေ အခုလို ထိတွေ့မှုဖြစ်ဖို့၊ ဒိုင်ရ်အရေး စိတ်အားထက်သန်ဖို့ ခက်ခဲခဲ့ပါတယ်။
ပလက်ဝ၊ မင်းတပ်၊ ကန်ပက်လက်၊ မတူပီစတဲ့ မြို့နယ်အခြေခံ ဒိုင်ရ် မဟုတ်တော့ဘဲ ဒိုင်ရ်မျိုုးနွယ်ဆိုတဲ့ စိတ်ဓါတ်တွေ ပေါ်ထွန်းလာပြီး ဒိုင်ရ်ပူးပေါင်းရေးကို လုပ်ဖို့ တွန်းအားနဲ့ အခြေအနေ၊ အချိန်အခါကို ရောက်ရှိလာစေခဲ့ပါတယ်။
လေးမြို့နယ်က ဒိုင်ရ် ပေါင်းစည်းရေးကို ကနဦးပိုင်းမှာ ပလက်ဝအခြေပြု CDF – Daai က ဦးဆောင်လုပ်ခဲ့ပါတယ်။ CDF- Daai နာမည်နဲ့ စတင်ဖွဲ့စည်းကတည်းက လေးမြို့နယ်က ဒိုင်ရ်တွေ ပေါင်းစည်းနိုင်ရေး ကြိုးပမ်းသွားဖို့ ရည်မှန်းချက်တွေ ထားရှိခဲ့ တယ်လို့ CDF- Daai တာဝန်ရှိသူက ပြောပါတယ်။
|| IDCC မှ DRC သို့
ဒိုင်ရ်နယ်မြေ ပေါင်းစည်းနိုင်ရေးအတွက် လေးမြို့နယ်က ဒိုင်ရ်အရေး လှုပ်ရှားသူတွေ အဆင့်ဆင့် ဆွေးနွေးမှုတွေနဲ့ ကြိုးပမ်း လာခဲ့ရာ နွေဦးတော်လှန်ရေး ၁ နှစ်ကျော်အကြာ ၂၀၂၂ ခုနှစ် မေလ ၂၃ ရက်မှာ ကြားကာလဒိုင်ရ် အတိုင်ပင်ခံကောင်စီ (IDCC) ကို ဖွဲ့စည်းနိုင်ခဲ့ပါတယ်။
IDCC ဟာ လေးမြို့နယ်ပေါင်းစည်းနိုင်ရေးကို စတင်လှမ်းနိုင်ဖို့ အကြံပေးအဖွဲ့အနေနဲ့ ဖွဲ့စည်းပြီး မူဝါဒ၊ အကြံဉာဏ်နဲ့ လုပ်ငန်းစဉ် တွေ ဆွေးနွေးတဲ့ ကောင်စီဖြစ်ပါတယ်။ လေးမြို့နယ်ထဲက ကာကွယ်ရေးနဲ့ အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူတွေ၊ နိုင်ငံတကာက ဒိုင်ရ်အရေးလှုပ်ရှားတဲ့ အကြံပေးတွေ၊ ဘာသာရေးခေါင်းဆောင်တွေ ပါဝင်ပါတယ်။
IDCC မှာ ဥက္ကဌခန့်အပ်တာဝန်ပေးတာမျိုးမရှိဘဲ လေးမြို့နယ်က တာဝန်ရှိသူတွေနဲ့ ဒိုင်ရ်အရေးလှုပ်ရှားသူ တွေက ဝိုင်းဝန်းထားတဲ့ ပုံစံမျိုးဖြစ်ပါတယ်။
“IDCC က လိုင်းပေါ်မှာ အကြံပေးအနေနဲ့ လုပ်တယ်။ DRC ကတော့ လက်တွေ့ကျကျ ပူးပေါင်းဖို့ အတွက် လုပ်တဲ့ ကောင်စီဖြစ် တယ်။ မြေပြင်မှာ လက်တွေ့ကျကျ ပူးပေါင်းဖို့ ဖွဲ့စည်းလိုက်တဲ့ တရားဝင် အဖွဲ့အစည်းဖြစ်တယ်” လို့ CDF – Daai မှ ဆလိုင်းအိုင်ဘတ်က ပြောပါတယ်။
ဒိုင်ရ်ဒေသန္တရကောင်စီ DRC ကို ၂၀၂၄ ခုနှစ်၊ မေလမှာ ပထမအကြိမ် ဒိုင်ရ်ဒေသလုံးဆိုင်ရာ ပြည်သူ့ ညီလာခံကနေ ဒိုင်ရ်ပေါင်း စည်းရေး လက်တွေ့ဖော်ဆောင်ဖို့ ပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်။
လေးမြို့နယ်က ဒိုင်ရ်ကျေးရွာကိုယ်စားလှယ်တွေ၊ ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့တွေ၊ CDFs တွေ၊ ဖိတ်ကြားထားသူနဲ့ လေ့လာသူတွေ အပါအဝင် စုစုပေါင်း ၂၀၀ ကျော်က ညီလာခံကို တက်ရောက်တယ်လို့ DRC က ၂၀၂၄ခုနှစ်၊ မေလထဲမှာ ထုတ်ပြန်ပါတယ်။
IDCC ကနေ တစ်ဆင့်တက်ပြီး DRC ဖွဲ့စည်းနိုင်တဲ့အတွက် IDCC က အလိုအလျောက် ပျက်ပြယ်သွားပါတယ်။ မြေပြင်မှာ ပြန်လည်ပေါင်းစည်းနိုင်ဖို့အတွက် အဓိကအချက်မှာ DRC ကို ဖွဲ့စည်းနိုင်ခြင်းက အခရာကျပါတယ်။ DRC ကို လက်ရှိမှာ ဥက္ကဌအဖြစ် ဦးအောင်မင်းက တာဝန်ယူထားပါတယ်။
ညီလာခံမှာ ဒိုင်ရ်နယ်မြေတွေ ပြန်လည်ပေါင်းစည်းရေး သဘောတူညီမှုနဲ့အတူ ဖွဲ့စည်းပုံနဲ့ အခြေခံမှုတွေလည်း ရေးဆွဲ အတည်ပြုနိုင်ခဲ့ပါတယ်။
ခေတ်အဆက်ဆက် ပိုင်းခြားအုပ်ချုပ်ခြင်း ခံခဲ့ရတဲ့ ဒိုင်ရ်နယ်မြေတွေကို ဒိုင်ရ်ဒေသန္တရ ကောင်စီရဲ့ ဦးဆာင်မှုနဲ့ အုပ်ချုပ်မှု တစ်ခု တည်းအဖြစ် တစ်စုတစ်စည်းထဲ ပြန်လည်ထားရှိပြီး ဒေသန္တရအုပ်ချုပ်ရေး လုပ်ငန်းတွေကို ဆောင်ရွက်မှာဖြစ်ပါတယ်။
“ကောင်စီမှာ ဘယ်သူတွေနဲ့ တာဝန်ခွဲဝေမှုတွေ ပေးမယ်။ အဲဒီထဲမှာ အုပ်ချုပ်ရေး နယ်မြေတွေကို ဖွဲ့စည်းပုံထဲမှာ ထည့်ထားတယ်။ အုပ်ချုပ်ရေး နယ်မြေမှာ လေးမြို့နယ် ဆိုတာထက် ဒိုင်ကို ဘယ်လို အုပ်ချုပ်မယ်၊ ပေါင်းစည်းနိုင်အောင် လုပ်မယ်။ ကာကွယ်ရေးက ဘယ်လို သွားမယ်။ နိုင်ငံရေးကို ဘယ်လိုသွားမယ်။ ဒိုင်ရ် identity က ဘာဖြစ်တယ် စသဖြင့်ပေါ့နော်” လို့ CDF – Daai မှ ဆလိုင်း အိုင်ဘတ်က ပြောပါတယ်။
စစ်အာဏာရှင်တော်လှန်ရေးကို ဒိုင်ရ်ပြန်လည်းပေါင်းစည်းရေးလုပ်ပြီးမှ အရှိန်အဟုန် ပြင်းပြင်းနဲ့ တွန်းလှန်သွားမယ်ဆိုတဲ့ အချက်လည်း ပါဝင်ပါတယ်။
ဒီကနေ့ နွေဦးတော်လှန်ရေးဟာ နိုင်ငံတဝန်းမှာ စစ်ကောင်စီကို အရှိန်ပြင်းပြင်းနဲ့ ထိုးစစ်ဆင်၍ မြို့တွေ သိမ်းနေချိန်ဖြစ်ပြီး ချင်းပြည်နယ်မှာလည်း စစ်စခန်းနဲ့ မြို့တွေ သိမ်းနေချိန်မှာ ဒီစိန်ခေါ်မှုကြီးတဲ့ ဆုံးဖြတ်ချက်ကို ချမှတ်လုပ်ကြတာပါ။
ဒိုင်ရ်မျိုးနွယ်စုရဲ့ အုပ်ချုပ်ရေးနဲ့ ကာကွယ်ရေးတပ်ဖွဲ့ အသီးသီးတို့ ပြန်လည်စုစည်းနေတဲ့ ကာလအတွင်း ချင်းပြည်ကောင်စီ အဖွဲ့ဝင်အဖြစ် CDF – Daai က နှုတ်ထွက်တယ်လို့ ဇူလိုင်လ ၁၂ ရက်မှာ ချင်းပြည်ကောင်စီထံ နှုတ်ထွက်စာပေးပို့ခဲ့ပါတယ်။
“အဓိက လိုအပ်နေတဲ့ Daai မျိုးနွယ်စု စုစည်းရေးကို လက်တွေ့ကျကျ လုပ်ဆောင်ချင်လို့ CC (ချင်းပြည်ကောင်စီ) ကနေ နှုတ်ထွက်တာဖြစ်ပါတယ်။ ဒုတိယက Daai မျိုးနွယ်စုတွေ စုစည်းမှု တည်ဆောက်နိုင်ပြီး ဆိုရင်တော့ ချင်းအမျိုးသား တည်ဆောက်ရေး အဆင့်ကို ပြန်လည်ပြီးမှ တက်လှမ်းလာဖို့ ရှိပါတယ်။ တတိယအချက်က CDF- Daai နဲ့ DRC အနေနဲ့က ချင်းအမျိုးသားဆင့်တည်ဆောက်ရေးကို အခြေခံကနေ လက်တွေ့ကျကျ တည်ဆောက်မယ့် အဖွဲ့စည်းနဲ့ လက်တွဲဆောင် ရွက်ဖို့ရှိပါတယ်။ လက်တွေ့ကျကျလို့ ပြောတဲ့အခါမှာ ချင်းပြည်အတွင်းက အရှိတရားကို လက်ခံပြီးမှ မျိုးနွယ်စုတွေအားလုံး၊ ချင်းပြည်သူတွေ အားလုံးလိုချင်တဲ့ နိုင်ငံရေးအရ တန်းတူညီမျှမှု ပေးနိုင်တဲ့ ချင်းအမျိုးသားတည်ဆောက်ရေးကို ဆိုလိုတာပါ”လို့ DRC ဥက္ကဌ ဦးအောင်မင်းက ပြောပါတယ်။
CDF- မတူပီ၊ CDF- ကန်ပက်လက်နဲ့ CDF- မင်းတပ်က ဒိုင်ရ်တပ်ဖွဲ့တွေလည်း သက်ဆိုင်ရာမြို့နယ် CDF တပ်ဖွဲ့တွေကနေ နှုတ်ထွက်ပြီး DRC နဲ့ တရားဝင် ပူးပေါင်းဆောင်ရွက်နေကြပြီဖြစ်တယ်လို့ သိရပါတယ်။
ဒိုင်ရ်ဒေသကာကွယ်ရေးနဲ့ လုံခြုံရေးအတွက် မြို့နယ် (၄) ခုက ဒိုင်ရ်ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ စုပေါင်းပြီး CDF – Daai ကို ပြန်လည်ဖွဲ့စည်းမှာဖြစ်ပါတယ်။ သက်ဆိုင်ရာမြို့နယ်အဖွဲ့အစည်းတွေ၊ CDF တွေနဲ့ တွေ့ဆုံညှိနှိုင်းမှု တွေမှာလည်း DRC ကိုပဲ တာဝန်အပ်နှင်းဆောင်ရွက်ဖို့ သဘောတူထားကြပါတယ်။
“ကျနော်တို့ သွားချင်တဲ့ ပုံစံက ခေတ်အဆက်ဆက်က ပျံ့ကြဲနေတဲ့ ဒိုင်ရ်မျိုးနွယ်စုတွေ တစ်စုတစ်စည်းထဲ သွားနိုင်ရေးကို ဖက်ဒရယ်ယူနစ်အရ အိမ်နီးချင်းတွေနဲ့လည်း အရင်တိုင်း ပူးပေါင်းဆောင်ရွက်ပြီးမှ တော်လှန်ရေး လုပ်ငန်းတွေကို ရှေ့ဆက် သွားဖို့ပါပဲ။ ခွဲထွက်တဲ့ ပုံစံမျိုး မဟုတ်ပါဘူး။ ယူနစ်တိုးချဲ့တဲ့ ပုံစံပါပဲ” လို့ CDF- ကန်ပက်လက်၊ ကေစိန်တပ်ရင်းကနေ DRC ထံ ပူးပေါင်းတဲ့အဖွဲ့မှ တာဝန်ရှိသူက ပြောပါတယ်။
CDF ဒိုင်ရ်တပ်ဖွဲ့တွေ နှုတ်ထွက်မှုကြောင့် မြို့နယ် CDF တပ်ဖွဲ့တွေရဲ့ လက်နက်ကိုင်တော်လှန်ရေးမှာ အားမနည်း သွားအောင် လည်း အပြန်အလှန်ကူညီပေးသွားဖို့ စဉ်းစားထားတယ်လို့ ဒိုင်ရ်တာဝန်ရှိသူတွေက ပြောပါတယ်။
ဒိုင်ရ်တွေ တဆက်တစပ်ထဲ ပြန်ပေါင်းစည်းဖို့ အားလုံးက လိုလားကြမှာဖြစ်သလို ကျန်တဲ့ မြို့နယ်အသီးသီးကလည်း လိုလာကြမှာဖြစ်တယ်လို့ ဒိုင်ရ်တာဝန်ရှိသူတွေက မျှော်လင့်ကြပါတယ်။
|| နယ်မြေခွဲခြားခံခဲ့တဲ့ ဒိုင်ရ်တွေ
ဒိုင်ရ်သမိုင်းအရ ကိုလိုနီခေတ်က ဒိုင်ရ်နယ်မြေတွေကို တိုက်နယ်အဖြစ် သတ်မှတ်ပြီး တဆက်တစပ်ထဲ အုပ်ချုပ်ခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံလွတ်လပ်ရေး ရပြီးတဲ့နောက် ချင်းပြည်နယ်ကို မြို့နယ်တွေ ပြင်ဆင်ဖွဲ့စည်းတဲ့အခါမှာ ဒိုင်ရ်နယ်မြေတွေ တဆက် တစပ်ထဲ မရှိတော့သလို ဒိုင်ရ်လူမျိုးတွေဟာလည်း တစ်စုတစ်စည်းထဲ မရှိတော့ပဲ (၄) မြို့နယ်ထဲမှာ မြစ်ချောင်းတောတောင်တွေနဲ့ ပိုင်းခြားခံလိုက်ရတယ်လို့ ဒိုင်ရ်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။
“မင်းတပ်မြို့နယ်က တစ်စိတ်ယူလိုက်၊ ကန်ပက်လက်မြို့နယ်က တစ်စိတ်ယူလိုက်၊ မတူပီနဲ့ ပလက်ဝ တစ်စိတ်စီယူလိုက်နဲ့ အဲလို ၄ မြို့နယ်ကနေ ကျနော်တို့ကို ပိုင်းခြားအုပ်ချုပ်နေတဲ့ ပုံစံဖြစ်ပါတယ်” လို့ CDF- Daai မှ ဆလိုင်း အိုင်ဘတ်က ပြောပါတယ်။
ခွဲခြားသတ်မှတ်ထားမှုကြောင့် ဒိုင်ရ်တွေရဲ့ identity ပျောက်တယ်လို့ ဒိုင်ရ်အရေး လှုပ်ရှားသူတွေ ခံစားခဲ့ရပါတယ်။ မြို့နယ် အဆင့်မှာလည်း သက်ဆိုင်ရာမျိုးနွယ်စုကြီးတွေရဲ့ ရိုးရာယဉ်ကျေးမှုနဲ့ ဘာသာစာပေသာ နေရာ ရရှိခဲ့ပြီး ဒိုင်ရ်စာပေနဲ့ ရိုးရာ ယဉ်ကျေးမှုတွေ မှေးမှိန်နေခဲ့ရတယ်လို့ ဆိုပါတယ်။
ဒိုင်ရ်လူငယ်၊ လူရွယ်တွေဟာလည်း ဒိုင်ရ်လူမျိုးစိတ်ဓါတ်တွေ လျော့နည်းလာသလို ဒိုင်ရ်ဘာသာ စကားပြောဆိုမှုနဲ့ ဒိုင်ရ်စာပေဘက်မှာ အားနည်းလာနေကြတယ်လို့ သိရပါတယ်။
အာဏာမသိမ်းမှီက ဒိုင်ရ်တွေ ပေါင်းစည်းရေး တင်ကြိုလှုပ်ရှားမှုတွေ ရှိခဲ့ပေမယ့် ခရီးမတွင်ခဲ့ပါ။ ဒိုင်ရ်လူမျိုးတွေရဲ့ ဘောလုံးပြိုင်ပွဲနဲ့ ဒိုင်ရ်စာပေ ဆွေးနွေးပွဲ ကျင်းပမှုတွေ ရှိခဲ့ပါတယ်။
ဒီမိုကရေစီအစိုးရလက်ထက်တွေမှာလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ မြို့နယ်နဲ့ နယ်နိမိတ် ပြဌာန်းမှုအပါအဝင် ပုဒ်မတချို့ ကြောင့် ဒိုင်ရ်နယ်မြေတွေ ပြန်လည်ပေါင်းစည်းရေးမှာ ခက်ခဲနေခဲ့ပါတယ်။ ချင်းပြည်နယ်ကို မြို့နယ် ၉ ခုနဲ့ ဖွဲ့စည်းခဲ့ရာမှာ ဒေသ သို့မဟုတ် မြို့နယ်အဆင့် ရဖို့ ဗဟိုအစိုးရနဲ့ လွှတ်တော်ရဲ့ အတည်ပြုပြဌာန်းနိုင်မှုမှာ မလွယ်ကူနိုင်ပါ။
ပလက်ဝနဲ့ မင်းတပ်မြို့နယ်တွေမှာ ဒိုင်ရ်လူမျိုးတွေအတွက် မြို့တစ်ခု ရဖို့ ကြိုးပမ်းမှုတချို့ ရှိခဲ့ပေမယ့် ခရီးမပေါက်ခဲ့ဘူးလို့ သိရပါတယ်။
ဒါပေမယ့် စစ်တပ်က အာဏာသိမ်းခြင်းနဲ့ နောက်ဆက်တွဲ နွေဦးတော်လှန်ရေးရဲ့ အခင်းအကျင်းဟာ ဒိုင်ရ်လူမျိုးတွေ ပြန်လည် ပေါင်းစည်ရေး အခွင့်အလမ်းသစ်တွေ ဖြစ်ပေါ်စေခဲ့တယ်လို့ CDF- ဒိုင်ရ်ခေါင်းဆောင်တွေက ပြောပါတယ်။
တော်လှန်ရေးအင်အားစုတွေက ၂၀၀၈ ဖွဲ့စည်းပုံကို ပျက်ပြယ်သွားပြီးလို့ ကြေညာထားသလို မဏ္ဍိုင်ကြီး ၃ ရပ်ကလည်း ပျက်စီးသွားခဲ့ပါတယ်။ ဒါဟာ မျိုးနွယ်စုတွေက မြို့နယ်တွေကို ဖောက်ထွက်ပြီး ကိုယ့်ကံကြမ္မာကို ဖန်းတီးခွင့် ရှိတဲ့ အနေအထားဖြစ်ပါတယ်။
“အကုန်လုံးက ကိုယ့်ဟာနဲ့ ကိုယ်၊ ကိုယ်တိုက်ယူလို့ ရတဲ့ နယ်မြေတွေက ကိုယ့်နယ်မြေဖြစ်လာမယ်ဆိုတဲ့ အဲဒီယူဆချက်။ ကျနော်တို့ လိုချင်တာကို တိုက်ယူပြီးမှ ယူလို့ ရတယ်ဆိုတဲ့ ယူဆချက် မိုင်းဆက် ဝင်တာပေါ့နော်။ ကျနော်တို့ကတော့ လက်နက်ကိုင်ပြီးတော့ တတ်နိုင်သမျှ စုစည်းတာပေါ့နော်။ တတ်နိုင်သမျှ စုစည်းဖို့ စတင်ခဲ့တာပါ” လို့ ဆလိုင်းအိုင်ဘတ်က ပြောပါတယ်။
|| ဒိုင်ရ်နယ်မြေနဲ့ ပုံပေါ်လာနေတဲ့ အိမ်မက်မြစ်
ချင်းပြည်တောင်ပိုင်း၊ ၄ မြို့နယ်အတွင်းမှာ ဒိုင်ရ်လူဦးရေ သုံးသောင်းကျော် ရှိပြီး နယ်မြေလည်း အတန်အသင့်ကျယ်ဝန်းတယ်လို့ ဒိုင်ရ်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။
ပလက်ဝမြို့နယ်အတွင်း ဒိုင်ရ်ရွာပေါင်း ၅၀ ခန့် ရှိပြီး၊ ၄ မြို့နယ်အတွင်းမှာ ဒိုင်ရ်ရွာပေါင်း (၁၂၀) ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။ ဒါပေမယ့် ဒီနယ်မြေတွေကို သက်ဆိုင်ရာမြို့နယ်တွေနဲ့ ဆွေးနွေးညှိနှိုင်းမှု အောင်မြင်မှသာ သတ်မှတ်နိုင်မှာပါ။
ကန်ပက်လက်မှာ ကေစိန်နယ်မြေ၊ မတူပီမှာ တပ်ရင်း – ၄ နယ်မြေ၊ မင်းတပ်မှာ တိုက်နယ် ၁၀ နဲ့ ၁၃ ထဲမှာ ဒိုင်ရ်နယ်မြေတွေ ရှိတယ်လို့ ဆိုပါတယ်။။ ပလက်ဝက ဒိုင်ရ်ဒေသမှာ အုပ်ချုပ်ရေး အကောင်အထည်ဖော်နေပြီးလို့ သိရပါတယ်။
ဒိုင်ရ်ပြန်လည်ပေါင်းစည်းရေး အောင်မြင်ပါက စာပေနဲ့ ဘာသာစကားကို လွတ်လပ်စွာ ဖော်ဆောင်နိုင်မယ်၊ ဒိုင်ရ် identity ၊ ရိုးရာ ယဉ်ကျေးမှုတွေကို လွတ်လပ်စွာထိန်းသိမ်းနိုင်မယ်၊ ဒိုင်ရ်တွေရဲ့ လိုအပ်ချက်တွေကို ဒိုင်ရ်လူထုအားနဲ့ ဖြည့်ဆည်းနိုင်မယ်၊ သက်ဆိုင် ရာမြို့နယ်တွေ၊ တခြားချင်းမျိုးနွယ်စုတွေနဲ့ ရင်ဘောင်တန်းနိုင်တဲ့ လူ့အဖွဲ့အစည်းကို ဖန်တီးနိုင်မယ်အပါအဝင် ဒိုင်ရ်တွေရဲ့ ကံကြမ္မာကို ဒိုင်ရ်တွေကိုယ်တိုင် ဖန်တီးနိုင်လိမ့်မယ်လို့ ဆလိုင်းအိုင်ဘတ်က ပြောပါတယ်။
ဒိုင်ရ်တွေရဲ့ နယ်မြေ ပေါင်းစည်းမှုကို ဒေသ သို့မဟုတ် မြို့နယ် စသဖြင့် ဘယ်လိုသတ်မှတ်ပုံဖော်မယ်ကို အတိအကျ မသိရသေးပါ။
ချင်းအမျိုးသားစည်းလုံးရေး၊ ချင်းပြည်တည်ဆောက်ရေးမှာ ဘက်လိုက်မှု မရှိဘဲ ချင်းအင်အားစုအားလုံးနဲ့ လက်တွဲပူးပေါင်း ဆောင်ရွက်မယ်လို့လည်း DRC က ထုတ်ပြန်ထားပါတယ်။
“ကျနော်တို့က ပိုနီးစပ်တယ်ဆိုတာထက် ဘယ်လက်နက်ကိုင်အဖွဲ့နဲ့ မဆို အတူတူပေါ့နော်။ တိုက်ပွဲဝင်မယ်။ အတူတကွ ယှဉ်တွဲ နေထိုင်မယ်။ အပြန်အလှန်အမှီသဟဲ ပြုမယ်။ ဘယ်သူနဲ့ ပိုနီးစပ်ရမယ်၊ မနီးစပ်ရဘူးလို့ ချမှတ်ထားတဲ့ ပေါ်လစီလည်း မရှိဘူးပေါ့ နော်။ လက်နက်ကိုင် အားလုံးနဲ့ အဆင်ပြေအောင် ကျနော်တို့ ပေါင်းပါတယ်” လို့ ဆလိုင်းအိုင်ဘတ်က ပြောပါတယ်။
ပလက်ဝအခြေစိုက် CDF ဒိုင်အနေနဲ့ အိမ်နီးချင်း အာရက္ခတပ်တော်နဲ့လည်း ကောင်းမွန်တဲ့ ဆက်ဆံရေးကို တည်ဆောက်ထားတယ် လို့ ဆိုပါတယ်။
ဇူလိုင်လက ချင်းပြည်ကောင်စီ ဦးဆောင်ကော်မတီရဲ့ အစည်းအဝေးမှာ ဒိုင်မျိုးနွယ်စုတွေ တစ်စုတစ်ဖွဲ့တည်းနဲ့ ပေါင်းစည်းပြီး ချင်းပြည်ကောင်စီသို့ ပူးပေါင်းပါဝင်လာနိုင်ရေး ဆွေးနွေးထားတယ်လို့ ချင်းလဲန်းကောင်စီက ထုတ်ပြန်ပါတယ်။
ချင်းအမျိုးသားစည်းလုံးရေး၊ ချင်းပြည်တည်ဆောက်ရေးမှာ ဘက်လိုက်မှု မရှိဘဲ ချင်းအင်အားစုအားလုံးနဲ့ လက်တွဲပူးပေါင်း ဆောင်ရွက်မယ်လို့လည်း DRC က ထုတ်ပြန်ထားပါတယ်။
“ဒိုင်ရ်တွေ ပြန်လည်ပေါင်းစည်းရေးပြီးရင်က ချင်းလဲန်းကောင်စီဘက် ပါမလား၊ ချင်းညီနောင်နဲ့ ပူးပေါင်းမလား ဆိုတာက သူတို့ ပေါင်းစည်းမှုရဲ့ နယ်မြေတွေကို ဘယ်အဖွဲ့က လက်ခံသလဲ၊ အတည်ပြုပေးမလဲနဲ့လည်း သက်ဆိုင်နေမှာ။ အခွင့်သာတဲ့ ဘက်ကို ရောက်နိုင်တယ်” လို့ ချင်းပြည်တောင်ပိုင်းက CDF တပ်ဖွဲ့ဝင်တစ်ဦးက သုံးသပ်ပါတယ်။
ဒိုင်ရ်တွေရဲ့ ပြန်လည်ပေါင်းစည်းရေး အိမ်မက်ဟာ နွေဦးတော်လှန်ရေးနဲ့အပြိုင် ဆက်လက်ရုန်းကန် တည်ဆောက်ရဦးမှာ ဖြစ်ပါတယ်။
ဒိုင်ရ်လူမျိုးတွေ နှစ်ရှည်လများ မက်ခဲ့ရတဲ့ အိမ်မက်မြစ်ကနေ လက်တွေ့ဆက်လက်စီးဆင်းမယ့် မြစ်တစ်စင်း ဖြစ်လာမလားဆိုတာ အချိန်လိုအပ်နေပါသေးတယ်။
“ဒိုင်ရ်တွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတာက ချင်းကို ချင်းတွေက အုပ်ချုပ်ပြီး၊ ဒိုင်ရ်ကို ဒိုင်ရ်တွေကပဲ စီမံအုပ်ချုပ်ရမယ်ဆိုတဲ့ ပုံစံပါပဲ” လို့ CDF – Daai ခေါင်းဆောင်တစ်ဦးဖြစ်သူ ဆလိုင်းအိုင်ဘတ်က ပြောပါတယ်။