(006SV)
ချင်းမျိုးနွယ်စုများအားလုံး စုံလင်စွာပါဝင်၍ နိုင်ငံရေး ဘုံသဘောတူညီချက် အရင်တည်ဆောက်ပြီးမှ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတူတကွရေးဆွဲကာ ကောင်စီဖွဲ့သင့်သည်ဟု ချင်းညီနောင်က ပြောဆိုလိုက်သည်။
ဇန်နဝါရီလ ၃ ရက်က ချင်းညီနောင်အဖွဲ့သည် လက်ရှိဖြစ်ပေါ်နေသော ချင်းပြည်နိုင်ငံရေး အခင်းအကျင်းအပေါ် သဘောထားထုတ်ပြန်ချက်များ ထုတ်ပြန်ကာ ထိုကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။
မိမိတို့ တော်လှန်နေသော စစ်အာဏာရှင်တို့၏ စိတ်ဓါတ်၊ လုပ်နည်း လုပ်ဟန်ကဲ့သို့ အာဏာရှင်ဆန်ဆန် အုပ်ချုပ်မင်းမူရန် ကြိုးပမ်းသည့် မည်သည့်အဖွဲ့အစည်းကိုမဆို ဆန့်ကျင်တော်လှန်သွားမည်ဟုလည်း ချင်းညီနောင်က အသိပေးထုတ်ပြန်သည်။
ထို့အပြင် ချင်းအမျိုးသားတပ်ဦး (CNF) နှင့် ချင်းလွှတ်တော်ကိုယ်စားလှယ်တချို့သည် ချင်းတစ်မျိုးသားလုံး၏ အကျိုး စီးပွားနှင့် အရပ်သားအုပ်ချုပ်မှု စံနှုန်းများကို လျစ်လျူရှုပြီး အာဏာရှင်ဆန်သော ချင်းပြည်အစိုးရသစ်တစ်ခုကို အလျင်စလို တည်ထောင်နေသည်ဟု ချင်းညီနောင်အဖွဲ့က ထုတ်ပြန်သည်။
ချင်းညီနောင်သည် သက်ဆိုင်ရာမြို့နယ်နှင့် ထိန်းချုပ်နယ်မြေများတွင် ကာကွယ်ရေး၊ အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် လူသားချင်း စာနာထောက်ထားခြင်းဆိုင်ရာ အကူအညီထောက်ပံ့မှု စသော ကိစ္စရပ်များကို ဆက်လက်ဆောင်ရွက်သွားမည်ဟု သိရသည်။
ချင်းညီနောင်အဖွဲ့ကို ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU/PDF Zoland)၊ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF) နှင့် ချင်းအမျိုးသားကောင်စီ (မင်းတပ်)(CDF-Mindat) တို့က ၂၀၂၃ ဒီဇင်ဘာလ ၃၀ ရက်က တရားဝင် ဖွဲ့စည်းခဲ့ကြသည်။