(002MG)
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကလေး-ဂန့်ဂေါ ကားလမ်းမပေါ်ရှိ နှမ်းခါးကျေးရွာဆေးခန်းအား စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ဆေးကုသမှုဆောင်ရွက်နေသော ဒေါက်တာမြစိုးအောင်မိသားစုအပါအဝင် ပြည်သူ (၁၁) ဦး သေဆုံးခဲ့မှုအပေါ် ဝမ်းနည်းကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာနက မတ်လ (၂၃) ရက်နေ့တွင် ထုတ်ပြန်ထားသည်။
အဆိုပါ ထုတ်ပြန်ချက်ထဲတွင် နှမ်းခါးကျေးရွာရှိ ဆေးခန်းတွင် ဒေါက်တာမြစိုးအောင်သည် ဆေးခန်းလာ လူနာများအား ဆေးကုသမှုဆောင်ရွက်နေစဉ် စစ်ကောင်စီသည် လေကြောင်းဖြင့် ရည်ရွယ်ချက်ရှိရှိ လူမဆန်စွာ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် (၄၀) နှစ်အရွယ် ဒေါက်တာမြစိုးအောင်၊ ၄ လသားအရွယ် ကိုယ်ဝန်လွယ်ထားသော ဇနီးဖြစ်သူ အသက် (၃၉) နှစ်အရွယ် အထက်တန်းသူနာပြု ဒေါ်ခိုင်နှင်းဝေနှင့် အသက် (၅) နှစ်အရွယ်ရှိသော သားဖြစ်သူအပါအဝင် အသက်မပြည့်သေးသည့် ကလေးငယ် (၅) ဦး၊ လူနာ၊ လူနာစောင့်နှင့် ပြည်သူ (၈) ဦး စုစုပေါင်း (၁၁) ဦး သေဆုံးခဲ့ရကာ (၆) ဦး ဒဏ်ရာရရှိခဲ့သည်။
၎င်းအပြင် နှမ်းခါးဆေးခန်း မီးလောင်ပျက်စီးခဲ့ရသည့်အပြင် အနီးအနားရှိ ပြည်သူနေအိမ်များလည်း ပြိုကျပျက်စီးခဲ့သည်ဟု သိရသည်။
စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုတွင် သေဆုံးခဲ့ရသည့် ဒေါက်တာမြစိုးအောင်နှင့် ဇနီးဖြစ်သူသည် ကလေးမြို့နယ်၊ တင်သားတိုက်နယ်ဆေးရုံတွင် တိုက်နယ်ဆရာဝန်နှင့် အထက်တန်းသူနာပြုများအဖြစ် တာဝန်ထမ်းဆောင်ခဲ့ခြင်းဖြစ်ကာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ခဲ့ပြီးနောက် မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းအတွင်းရှိ ဒေသများအတွင်း လိုက်လံဆေးကုသမှုပေးနေသူ ဖြစ်ကြသည်။
ထို့ကြောင့် ကျဆုံးခဲ့ရသည့် ကျန်းမာရေးဝန်ထမ်းများအား CDM အာဇာနည်သူရဲကောင်းများအဖြစ် အသိအမှတ်ပြုအပ်သည့်အပြင် သေဆုံးခဲ့သည့် ကျန်းမာရေးဝန်ထမ်းများ၊ လူနာများ၊ ပြည်သူများ၏ မိသားစုများနှင့် ထပ်တူ ကြေကွဲဝမ်းနည်းရကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ထားသည်။