(004SS)
ချင်းပြည်နယ် တောင်ပိုင်း၊ ပလက်ဝမြို့နယ်တွင် ဖြစ်ပွားခဲ့သော သားအဖ ၃ ဦး သတ်ဖြတ်ခံရခြင်းနှင့်ပါတ်သက်၍ အမှုမှန် ပေါ်ပေါက်နိုင်ရေးနှင့် တရားမျှတရေးအတွက် ကြိုးစားသွားမည်ဟု ကြားကာလခူမီး(ချင်း)လူမျိုးများရေးရာ အတိုင်ပင်ခံ ကောင်စီ (IKACC) က ယနေ့ အောက်တိုဘာလ ၄ ရက်နေ့တွင် ထုတ်ပြန်သည်။
ပလက်ဝမြို့နယ်၊ မောင်နှမကျေးရွာနေ အသက် ၆၁ နှစ်အရွယ် ဦးဆန်းအောင်၊ သားဖြစ်သူ အသက် ၂၆ နှစ်အရွယ် ဦး အိုက်မြင့်နှင့် မြေးဖြစ်သူ အသက် ၁၃ နှစ်အရွယ် မောင်ပီစီထွန်းတို့ ၃ ဦးသည် စက်တင်ဘာလ ပထမပတ်မှာ ပလက်ဝမှ ရခိုင်ပြည်နယ်၊ ကျောက်တော်သို့ ရေယာဉ်ဖြင့် ကုပစ္စည်းပို့သွားရောက်စဉ် အမည်မသိလူတစ်စု၏ သတ်ဖြတ်မှုခံခဲ့ခြင်းဖြစ်သည်။
ထို့နောက် ပြီးခဲ့သည့် စက်တင်ဘာလ ၁၅ ရက်နေ့တွင် ၎င်းတို့သားအဖ ၃ ဦးကို သေဆုံးလျက်ပြန်လည်တွေ့ရှိခဲ့ကြပြီး မိသားစုနှင့်အတူ ထပ်တူဝမ်းနည်းရကြောင်း ကြားကာလခူမီး (ချင်း) လူမျိုးများရေးရာ အတိုင်ပင်ခံကောင်စီ IKACC က ထုတ်ပြန်သည်။
ယခုဖြစ်စဉ်မှာ လူသားမဆန်သော အကြမ်းဖက်လုပ်ရပ်ဖြစ်ပြီး အပြင်းအထန်ရှုံ့ချကြောင်း၊ အမှုမှန်ပေါ်ပေါက်ရေးနှင့် တရားမျှတရေးအတွက် ကျူးလွန်သူများအား ထိုက်သင့်သော ပစ်ဒါဏ်ပေးနိုင်ရေး နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားသွားမည်ဖြစ်ကြောင်း IKACC ကပြောသည်။
“သူတို့ ၃ ဦးကို ကျောက်တော်နဲ့ ပလက်ဝမြို့နယ်အကြားမှာ အလောင်းပဲတွေ့ရှိရတာပေါ့နော်။ စက်တင်ဘာလ ၁၅ ရက်မှာပေါ့။ ဆိုတော့ ဒီကိစ္စက ရခိုင်ပြည်နယ်နဲ့ ပလက်ဝအကြားမှာ ဖြစ်သွားတဲ့ကိစ္စဖြစ်လို့ ပလက်ဝနဲ့ပါတ်သက်တဲ့ ULA /AA ဒေသရဲ့ ဒုတိယအုပ်ချုပ်ရေးမှူးကို Contact Person အနေနဲ့ အကြောင်းကြားထားတယ်၊ ဒီကိစ္စနဲ့ပါတ်သက်ပြီး အထူး ဝမ်းနည်းတယ်၊ အမှုမှန်ပေါ်ပေါက်ရေးအတွက် အထူးဂရုစိုက်ပြီးမှ ဆောင်ရွက်ပေးဖို့၊ အထူးသဖြင့် လူမျိုးတစ်မျိုးနဲ့တစ်မျိုး သတ်ဖြတ်မှု၊ သွေးစွန်းမှု ဆိုတဲ့ဟာက အင်မတန်မှ သတိထားရမယ့်အရာဖြစ်တဲ့အတွက်ကြောင့် အကောင်းဆုံး ဆောင်ရွက် ပေးဖို့ အသိပေးထားပါတယ်။ ကျွန်ေတာ်တို့ ဒီဖြစ်ရပ်ရဲ့ အသေးစိတ်ကို လေ့လာမယ်။ သတ်ဖြတ်မှုနဲ့ ပါတ်သက်ပြီးမှ သူတို့ရုံးချုပ်နဲ့စကားပြောမလား၊ ဒါမှမဟုတ်၊ လူ့အခွင့်အရေးနဲ့ ဘယ်လိုမျိုးဆောင်ရွက်မလဲဆိုတဲ့ဟာကို လှုပ်ရှားပြီးမှ ဒီပြည်သူ ၃ ဦး သတ်ဖြတ်ခံရတဲ့အပေါ် ဆောင်ရွက်သွားဖို့ရှိပါတယ်” ဟု IKACC မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
IKACC အနေဖြင့် ဒေသတွင်းတည်ငြိမ်အေးချမ်းရေး၊ လူထုလုံခြုံရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးရေးကို အစဉ်တစိုက်ဦးတည်ပြီး ဒေသခံလူထုအပေါ်မည်သည့်အကြောင်းနှင့်မျှ ကန့်သတ်ခြင်း၊ ချုပ်ချယ်ခြင်းနှင့် အကြမ်းဖက်ခြင်းကို ဆန့်ကျင်ကန့်ကွက်သည်ဟုလည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ယခုဖြစ်စဉ်နှင့်ပတ်သက်၍ ဆောင်ရွက်ရာမှာ ဒေသတွင်းရှိ သက်ဆိုင်ရာပါဝင်ပါတ်သက်သူ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများအနေဖြင့်လည်း ဝိုင်းဝန်းဆောင်ရွက်ကြရန် အလေးအနက်တိုက်တွန်းကြောင်း IKACC က တောင်းဆိုထားသည်။