(004SS)
ချင်းပြည်နယ် တောင်ပိုင်း၊ ပလက်၀မြို့နယ်က ကျောင်းဆရာ ၂ ဦးအပါအဝင် ဒေသခံအမျိုးသား ၉ ဦးကို အာရက္ခတပ်တော် AA က ဖမ်းဆီးသွားသည်ဟု သိရသည်။
ပလက်၀မြို့နယ် ဘောင်ဝီကျေးရွာက ကျောင်းဆရာ ၂ ဦး၊ ကျေးရွာဥက္ကဌအပါအဝင် ဒေသခံ ၆ ဦးနှင့် ဘောင်ကူးကျေးရွာက ဒေသခံ ၃ ဦး စုစုပေါင်း ၉ ဦးကို AA က မေလ ၁၇ ရက်နေ့ကဖမ်းဆီးသွားပြီး ယနေ့ချိန်ထိ ပြန်လည်လွတ်မြောက်ခြင်းမရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။
“သူတို့က AA ကို အနှောင့်အယှက်ပေးတာမျိုးလဲမရှိဘူး၊ သူတို့ကိုဒီတိုင်းပဲ ခေါ်သွားကြတာလို့ ပြောတယ်၊ အဖမ်းခံ ရတဲ့သူတွေက လူကြီးပိုင်း အမျိုးသားတွေပဲ စုစုပေါင်း ၉ ယောက်ပေါ့နော် အခုထိ မလွတ်လာသေးဘူး” ဟု ခူမီးလူငယ် တစ်ဦးက ပြောသည်။
အဖမ်းခံရသူများမှာ ဘောင်ဝီကျေးရွာက ကျောင်းဆရာ ဦးအောင်မင်းနှင့် ဦးအောင်စိုး၊ ဦးကျော်ထွန်း၊ ဦးအောင်နင်း၊ ဦးကျော်ဝင်း၊ ဦးအောင်လင်းတို့ဖြစ်ကြပြီး ဘောင်ကူးကျေးရွာက ဦးကျော်လှ၊ ဦးပျိုလဲနှင့် ဦးအောင်ဒိုင် တို့ဖြစ်ကြကာ ၎င်းတို့အားလုံးမှာ အသက် ၄၀ ကျော်အရွယ်ရှိသူများဖြစ်ကြကြောင်း သိရသည်။
အာရက္ခတပ်တော်က မည်သည့်အကြောင်းပြချက်ဖြင့် ဖမ်းဆီးသွားသည်ကို မသိရပဲ AA တပ်ဖွဲ့ဝင်များ ကျေးရွာထဲသို့ ဝင်ရောက်လာပြီး နေအိမ်အသီးသီးကနေ ဖမ်းဆီးခေါ်ဆောင်သွားကြကြောင်း ဒေသများပြောပြချက်အရ သိရသည်။
ယခင်ကလည်း AA က ပလက်ဝဒေသခံများအား အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးခြင်းများပြုလုပ်လေ့ရှိပြီး လွန်ခဲ့သော ဧပြီလကလည်း ရန်ကုန်မြို့သို့ အလုပ်လုပ်ရန် သွားနေသော ပလက်ဝ လူငယ် ၃ ဦးကိုဖမ်းဆီးခဲ့ပြီး လက်ရှိအချိန်ထိ ပြန်လည် လွတ်ပေးခြင်းမရှိသေးကြောင်း သိရသည်။
လက်ရှိ ဘောင်ဝီနှင့် ဘောင်ကူးကျေးရွာဒေသခံ ၉ ဦး ဖမ်းဆီးခံရခြင်းနှင့်ပါတ်သက်၍ ညှိနှိုင်း ဆောင်ရွက်သွားရန်ရှိကြောင်း ကြားကာလ ခူမီးချင်းမျိုးနွယ်စုများရေးရာအတိုင်ပင်ခံ ကောင်စီ IKACC က ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
“ကျွန်တော်တို့ မဟာမိတ်ဆက်ဆံရေးအဖွဲ့ကို ဖွဲ့လိုက်တော့ ဒီအဖွဲ့ကနေ သူတို့ AA အကြီးပိုင်းတွေကို သွားတွေ့မယ် ပေါ့ နော်၊ အခုလိုမျိုးဖမ်းသွားတယ်ဆိုေတာ့၊ ဘယ်လိုအကြောင်းပြချက်ကြောင့် ဖမ်းဆီးတာလဲ၊ ဒီတော်လှန်ရေးကာလထဲမှာ မဖြစ်သင့်တာတွေမဖြစ်သွားအောင် ညှိနှိုင်းဆောင်ရွက် ဖို့တော့ အစီအစဉ် ရှိပါတယ်” ဟု ၎င်းက ပြောသည်။
အာရက္ခတပ်တော် AA သည် ချင်းပြည်နယ် ပလက်ဝမြို့နယ် တစ်ခုလုံးရှိ စစ်ကောင်စီစခန်းများ သိမ်းယူနိုင်ခဲ့ပြီးနောက် ပလက်ဝမြို့ပေါ်နှင့် ကျေးရွာများတွင် အုပ်ချုပ်ရေးေဖာ်ဆောင်လျက်ရှိသည်။
ပလက်ဝမြို့နယ်သည် စစ်ကောင်စီကင်းစင် ပြီဖြစ်သော်လည်း ဒေသခံပြည်သူများသည် ပလက်ဝမြို့ကို စွန်ခွါသူတဖြေးဖြေး များလာနေသည်ဟု သိရသည်။