ချင်းပြည်နယ် ပလက်ဝမြို့ ရှိ မြန်မာ့စီးပွားရေးဘဏ်နှင့် ထွေအုပ်ရုံးရှေ့တွင် ယနေ့မနက် ၇နာရီဝန်းက ဖြစ်ပွားခဲ့သည့် ဗုံးပေါက်မှုမှာ CDF-Paletwa အနေဖြင့် သက်ဆိုင်ခြင်းမရှိဘဲ စကစအလိုကျ ဖွဲ့စည်းထားသည့် အဖွဲ့အစည်းတစ်ခုမှ အချင်းချင်းကြား နားလည်မှုလွဲစေရန် ရည်ရွယ်ပြီး ဖောက်ခွဲခြင်းသာဖြစ်ကြောင်း CDF-Paletwa မှ ထုတ်ပြန်လိုက်သည်။
“ပလက်ဝမြို့တွင်းပေါက်ကွဲမှုက CDF-Paletwa အနေနဲ့ သက်ဆိုင်ခြင်းမရှိဘူး၊ CDF ဆိုတာက ပြည်သူလူထုကို ကာကွယ်ဖို့ဖွဲ့စည်းထားတာဖြစ်တဲ့အတွက် ပြည်သူကို ထိတ်လန့်စရာဖြစ်အောင်လည်းမလုပ်ဘူး၊ ဒုက္ခပေးမှာလည်းမဟုတ်ဘူး၊ တစ်ကယ်လို့ကျနော်တို့ လုပ်တော့မယ်ဆိုရင်တောင် ပြည်သူကို ကြိုတင်သတိပေးမှုတွေကို လုပ်ဆောင်သွားမှာပါ၊ ပလက်ဝမှာက AA လည်းရှိတဲ့အတွက် ကျနော်တို့ကြားထဲမှာ အထင်အမြင်လွဲမှားအောင် ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်တာဖြစ်ပါတယ်၊ တစ်ကယ်လုပ်တာက စစ်ကောင်စီအလိုအကျ ဖွဲ့စည်းတဲ့အဖွဲ့ကလုပ်တာ၊ သူတို့က ကျနော်တို့ စဖွဲ့တာနဲ့ သိပ်မကြာဘူး ပေါ်လာတဲ့အဖွဲ့ဖြစ်တယ်၊ အသေးစိတ်ကို ကျနော်တို့ စုံစမ်းနေပါတယ်”ဟု CDF-Paletwa တာဝန်ရှိသူ တစ်ဦးမှပြောသည်။
ဖြစ်စဉ်မှာ ယနေ့မနက် ၇နာရီ ၁၅ မိနစ်ခန့်တွင် ပလက်ဝရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ၁ မိနစ်ခန့်အကြာတွင် မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လူထုအကြား စိုးရိမ်မှုများဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။