(03PT)
ချင်းပြည်နယ် ဖလမ်းမြို့နယ်တွင် တရားဥပဒေစိုးမိုးရေးနှင့် မှုခင်းကျဆင်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ချင်းပြည်နယ်ပြည့်သူ့ရဲတပ်ဖွဲ့၏ ဦးဆောငမှုဖြင့် သြဂုတ်လ ၆ ရက်နေ့က ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။
ယင်း တရားဥပဒေစိုးမိုးရေးနှင့် မှုခင်းကျဆင်းရေးဆိုင်ရာ အသိပညာပေး ဟောပြောဆွေးနွေးမှုတွင် ချင်းပြည် နယ်ပြည်သူ့ရဲတပ်ဖွဲ့၊ ဖလမ်းမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့၊ ဒု-မြို့နယ်မှူး အပါဝင် ဖလမ်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ ခေါင်းဆောင်တို့ ပူးပေါင်းကာ မြို့နယ်အတွင်းရှိ ပြည်သူများနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ချင်းပြည်နယ်ပြည်သူ့ရဲတပ်ဖွဲ့သည် လွန်ခဲ့သည် ဇွန်လက ပြည်နယ်အဆင့်ရှိသော အခြေခံစစ်ရေးပြ၊ အမှုစစ်၊ နိုင်ငံတကာဥပဒေ၊ လူ့အခွင့်ရေး၊ ဖက်ဒရယ် ရဲတပ်ဖွဲ့စနစ်၊ နိုင်ငံတကာရဲတပ်ဖွဲ့ကျင့်ဝတ်နှင့် ဥပဒေဘာသာရပ်များကို လေ့ကျင့်သင်ကြားသည့် သင်တန်းပို့ချခဲ့ပြီးနောက် ချင်းပြည်နယ်အတွင်း တရားဥပဒေစိုးမိုးရေးဆိုင်ရာ လုပ်ငန်းကို စတင်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လကလည်း ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့၊ ကန်ပလက်မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့မှ ကန်ပလက်မြို့နယ်အတွင်းရှိ ပြည်သူများနှင့် တွေ့ဆုံကာ မြို့နယ်အတွင်း တရားဥပဒေ စိုးမိုးနိုင်ရေးနှင့် မှုခင်းများကျဆင်းရေးဆိုင်ရာ အသိပညာ ဟောပြောဆွေးနွေးမှုတစ်ရပ် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ချင်းပြည်နယ်ပြည်သူ့ရဲတပ်ဖွဲ့သည် အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ပြည်ထဲရေးနှင့် လူမှုကြီးကြပ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ပြည်သူ့ရဲတပ်ဖွဲ့ နှင့် ပူးပေါင်းကာ တရားဥပဒေစိုးမိုးရေး ဆိုင်ရာများကို ဆောင်ရွက်လက်ရှိကြောင်းလည်း သိရသည်။