ချင်းပြည်နယ်၊ ဖလမ်းမြို့မှ စစ်ကား ၂၃ စီးဖြင့် ကလေးမြို့သို့ ဆင်းလာသည့် စစ်ကောင်တပ်ဖွဲ့များကို ယနေ့မွန်းလွဲ ၁ နာရီခွဲခန့်က CDM-Siyin နှင့် PDF Zoland ပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း အလောင်းကောက်ယူ၍ မရအောင် ကြေမွသေဆုံးသွားသည်ဟု CDM-Siyin မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။
“စကစဖက်က စစ်သားတွေက အင်အား ၁၀၀ ကျော်တယ် သူတို့က မိုင်းရှင်းတဲ့လူရော၊ တောလမ်းဖက်ကနေ လိုက်လာတဲ့သူတွွေကိုလည်း တောလမ်းဘက်နေ ကျွန်တော်တို့က မိုင်းတွေထောင်ထားပြီးတော့ သူတို့ကို စောင့်နေတာ။ မိုင်းခွဲလိုက်တာနဲ့ ချက်ခြင်းပွဲခြင်းပြီး ၁၀ ယောက်ထက်မနည်း လုံးဝ ကောက်လို့မရအောင်ကို သူတို့က တစစီဖြစ်သွားတယ်၊ ဒဏ်ရာရသူလည်းအမြောက်အမြားပဲ” ဟု CDM-Siyin မှ ပြောရေး ဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်သားများသည် ဖလမ်းမြို့မှ ကလေးမြို့ဘက်သို့ဆင်းလာသည့်အချိန် ဖလမ်း-ကလေးကားလမ်းမပေါ် ဗားရ်လုံကျေးရွာနှင့် သိုင်းငင်ကျေးရွာအကြား မိုင်းဆွဲတိုက်ခိုက်ခံရခြင်းဖြစ်ပြီး CDM-Siyin/ PDF- Zoland ပူးပေါင်း တပ်ဖွဲ့များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု သိရသည်။