တပ်မတော်ကာကွယ်ရေးဦးစီးချူပ် ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်နှင့် နေပြည်တော်တွင် မတ်လ (၂၂) ရက်နေ့က သွားရောက်တွေ့ဆုံခဲ့မှုသည် တပ်မတော်၏ သာဘောထားရပ်တည်ချက်ကို ထောက်ခံခြင်းမဟုတ်ဟု ချင်းအမျိုး သားဒီမိုကရက်တစ် (CNDP) ပါတီက ပြောဆိုလိုက်သည်။
နိုင်ငံရေးပါတီ (၃၂) ပါတီမှ ခေါင်းဆောင်များသည် ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်နှင့် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်တွင် တွေ့ဆုံခဲ့ကြခြင်းဖြစ်ပြီး ယင်းတွေ့ဆုံပွဲတွင် CNDP ပါတီဥက္ကဌ ဦးဇိုဇမ်းလည်းတက်ရောက်ခဲ့သည်။
အဆိုပါတွေ့ဆုံပွဲတွင် တပ်မတော်၏ သဘောထားရပ်တည်ချက်ဖြင့် ဆောင်ရွက်ချက်များကို ထောက်ခံပါကြောင်းနှင့် နိုင်ငံတော်အတွက် အမျိုးသားရေးအတွက် ညီညီညွတ်ညွတ်ပူးပေါင်း ဆောင်ရွက်ကြရန် အသင့်ရှိကြပါကြောင်း တက်ရောက်လာသည့် နိုင်ငံရေးပါတီများက ပြောကြားကြသည်ဟု တပ်မတော်ကာကွယ်ရေးစစ်ဦးစီးချူပ်ရုံးမှ ထုတ်ပြန်ချက်နှင့်ပတ်သက်၍ CNDP ပါတီက ၎င်းတို့၏ သဘောထားမပါကြောင်း မတ်လ (၂၃) ရက်နေ့က ကြေညာချက် ထုတ်ပြန်ခဲ့သည်။
“မိမိတို့ပါတီသည် သက်ဆိုင်ရာမှဖိတ်ကြားချက်အရ တစ်ပါတီတည်း၏ သဘောထားဖြင့် လွတ်လပ်စွာတက်ရောက်ခြင်းဖြစ် ကြောင်း အခြားမည်သည့်ပါတီများ ဖိတ်ကြားပြီး တက်ရောက်မည်ကိုပင် ကြိုတင်သိရှိခြင်းနှင့် တိုင်ပင်ခြင်းမရှိကြောင်း၊ ထို့ကြောင် အခြားပါတီများ၏ တင်ပြဆွေးနွေးချက်များနှင့် မိမိတို့ပါတီ၏ သဘောထားသက်ဆိုင်ခြင်းမရှိကြောင်းကို ရှင်းလင်းအပ်ပါသည်’’ ဟု CNDP ပါတီ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
CNDP ပါတီသည် ချင်းအမျိုးသားရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ဖက်ဒရယ်အရေးအတွက် မည်သည့်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်နှင့်မဆို လွတ်လပ်စွာ တွေ့ဆုံဆွေးနွေးရန်မူဝါဒချမှတ်ထားသည်နှင့်အညီ တပ်မတော်ကာကွယ်ရေးဦးစီးချူပ်နှင့် သွားရောက်တွေ့ဆုံခြင်းဖြစ်ကြောင်း ပြည်တွင်ငြိမ်းချမ်းရေးအခြေအနေ၊ တိုင်းပြည်စီးပွားရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးတို့ကို လွပ်လပ်စွာဆွေးနွေးခဲ့သည်ဟု ၎င်းတို့ကြေညာချက်တွင်ဖော်ပြထားသည်။