(006SV)
ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ မကွီအိမ်နူးမြို့ကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ အရပ်သားပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ဘာသာရေးအဆောက်အဦးနှင့် နေအိမ်အများအပြား ထိခိုက်ပျက်စီးသွား သည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ်က သတင်းထုတ်ပြန်သည်။
“တပ်ရင်း တပ်ဖွဲ့လည်း မရှိ၊ စစ်ကြောင်း အသွားအလားလည်း မရှိဘူး။ ဘာကြောင့် ဗုံးကြဲသလဲ မသိဘူး။ ညနေ ၃ ခွဲလောက်မှာ လေကြောင်း တိုက်ခိုက်မှု ၂ ကြိမ် ရှိတယ်။ ပြည်သူ ၃ ဦးက မစိုးရိမ်ရ ဒဏ်ရာတွေ ရတယ်။ နီးစပ်ရာ ဆေးခန်းတွေမှာ ကုသနေ ရတယ်” ဟု မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချပ်ရေးအဖွဲ့မှ တာဝန်ရှိသူ ကိုယောမာန်က ပြောသည်။
ယမန်နေ့ နိုဝင်ဘာလ ၇ ရက် ညနေ ၃ နာရီခွဲက မကွီအိမ်နူးမြို့ကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လေကြောင်း တိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့ရာ အရပ်သားနေအိမ် ၁၃ လုံး၊ သာသနာအဆောက်အဦး ၄ လုံး၊ ကျောင်းဆောင် ၂ လုံးတို့ ထိခိုက်ပျက်စီးသွားခဲ့သည်ဟု CDF- မင်းတပ်ကလည်း ထုတ်ပြန်ထားသည်။
မင်းတပ်ခရိုင်၊ မကွီအိမ်နူးမြို့သည် မင်းတပ်၊ မတူပီ၊ ကန်ပက်လက်၊ ပလက်ဝ စသည့် မြို့နယ်တွေ၏ နယ်စပ်တွေမှာ တည်ရှိနေ သည့် မြို့ကလေးဖြစ်သည်ဟု သိရသည်။
ပြီးခဲ့သည် နိုဝင်ဘာလ ၄ ရက်က မင်းတပ်မြို့နယ် ၁၆ မိုင်နှင့် ပန်းစခန်းကြားရှိ အများပြည်သူသွားလမ်းကို လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်ဖြင့် ဗုံး ၆ လုံးကြဲချတိုက်ခိုက်ရာ အရပ်သားနေအိမ် ၃လုံး ပျက်စီးခဲ့သည်၊ မင်းတပ် ခလရ ၂၇၄ တပ်မှလည်း လက်နက်ကြီး ဖြင့် ၅ ကြိမ် ပစ်ခတ်ခဲ့သည်ဟု မင်းတပ်- CDF က ထုတ်ပြန်သည်။
မင်းတပ်မြို့နယ်အတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ခပ်စိပ်စပ် ပြုလုပ်လာခြင်းမှာ ထိုးစစ်ဆင်ခံရမည်ကို ကြောက်လန့်၍ လုပ်နေသည်ဟု ယူဆကြောင်း မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချပ်ရေးအဖွဲ့မှ တာဝန်ရှိသူ ကိုယောမာန်က ပြောသည်။
“အဓိကက ပြည်သူတွေ သေဆုံးမှု မရှိတာ၊ အကြီးအကျယ် ထိခိုက်ဒဏ်ရာ ရတာ မရှိတာ ကံကောင်းတယ် ပြောရမယ်။ စကစက တဖြည်းဖြည်း ရှုံးလာတော့ ရှုံးမည်း၊ မည်းလာတာ နေမှာပါ။ သူတို့ကို ပြန်ထိုးစစ်ဆင်လာမှာ ကြောက်တာလည်း နေမှာပါ။ အဲဒါကြောင့် သူတို့က လက်ဦးပြီးမှ ပြည်သူတွေစိတ်ထဲကို အကြောက်တရား ရိုက်သွင်းချင်းတာလား” ဟု သူက ပြောသည်။
ယခုရက်ပိုင်းတွင်း မင်းတပ်မြို့ပေါ်နှင့် မြို့နယ်အတွင်း နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားမှုမရှိကြောင်း သိရသည်။
ပုံစာ – မကွီအိမ်နူးမြို့ နဲ့ မင်းတပ်မြို့နယ် ၁၆ မိုင်နှင့် ပန်းစခန်းကြားရှိ ဗုံးကြဲခံရမှု