(006SV)
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်ထဲက ကျွဲ၊ နွား၊ နွားနောက် အားလုံးကို ယနေ့ မတ်လ ၁၉ ရက်မှ စတင်၍ ဒေါင့်သန်းရောဂါ ကာကွယ်ဆေး အခမဲ့ထိုးနှံနိုင်ရေး ဆောင်ရွက်နေပြီးဖြစ်ကြောင်း မင်းတပ်မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့၊ မွေးမြူးရေးနှင့် ကုသရေးဌာနထံမှ သိရသည်။
“စာထုတ်ပြန်တဲ့ ရက်ကနေစပြီး လာထုတ်လို့ရပါပြီ။ တမြို့နယ်လုံး အမြန်ဆုံး ထိုးရမှာပါ။ ဒေါင့်သန်းက ကူးစက်ခံရတဲ့ ကျွဲ၊ နွား၊ နွားနောက်တွေ သေသွားတာများတယ်။ပြီးတော့ ဒီရောဂါက လူကိုတောင် ကူးစက်နိုင်တဲ့ ရောဂါလည်း ဖြစ်တာကြောင့်ပါ” ဟု မွေးမြူးရေးနှင့် ကုသရေးဌာန၊ မြို့နယ်တာဝန်ခံ ဒေါက်တာ ဟုန်းမနားက ပြောသည်။
မြို့နယ်အတွင်း ဒေါင့်သန်းရောဂါဖြစ်ပွားနေသော ကျွဲ၊ နွား၊ နွားနောက်များ၏ ပိုင်ရှင်များကို ဒေါင့်သန်းရောဂါ ကာကွယ်ဆေး (Anthrax Vaccine) အခမဲ့ထောက်ပံ့ပေးမည်ဖြစ်သောကြောင့် မိမိတို့ ကျေးရွာအုပ်စု၊ ရပ်ကွက် အုပ်ချုပ်မှု နယ်မြေအတွင်းရှိ အကောင်ရေစာရင်းများ ပြုစုပြီး မြို့နယ်မွေးမြူရေးနှင့် ကုသရေးဌာနသို့ ချိတ်ဆက်သွားရောက် ထုတ်ယူရမည်ဟု သိရသည်။
ဒေသခံပြည်သူများက မွေးမြူးထားသည့် နွားနောက်၊ နွား၊ ကျွဲ၊ ဆိတ်၊ ဝက်၊ ကြက် စသည်တို့ကို မင်းတပ်မြို့ သိမ်းတိုက်ပွဲအတွင်း ရဲဘော်များအတွက် ပါဝင်လှူဒါန်းပေးသောကြောင့် ကျေးဇူးတင်သည့်အနေဖြင့် အခမဲ့ထောက်ပံ့ပေးခြင်းဖြစ်သည်ဟု သိရသည်။
မင်းတပ်မြို့နယ်တွင် ၂၀၂၃ ခုနှစ်အထိ ကျွဲ၊ နွား၊ နွားနောက် အကောင်ရေ ၂၅၀၀၀ ဝန်းကျင်အထိ ရှိခဲ့ပြီး တောကောင် များက ဝင်ဆွဲစားသောက်ခြင်း၊ ခွာနာလျှာနာဖြစ်ခြင်း၊ ရောဂါများ တမျိုးပြီး တမျိုးဖြစ်ပွားခြင်းကြောင့် လက်ရှိမှာ အကောင်ရေ ၂၀၀၀၀ ခန့်သာ ကျန်ရှိတော့သည်ဟု သိရသည်။
“ကာကွယ်ဆေးပုံမှန် မထိုးတဲ့နေရာတွေက နှစ်တိုင်းလိုလို ဖြစ်ချင်တဲ့ချိန် ထထ ဖြစ်တတ်ပါတယ်။ အဖြစ်များတဲ့ ဒေသ ရယ်လို့ပြောဖို့ ခက်တယ်။ တစ်နှစ်တစ်ကြိမ် ကာကွယ်ဆေးထိုးဖို့ ပျက်ကွက်တဲ့ ဘယ်ဒေသ မဆို အချိန်မရွေးဖြစ်တာမျိုးပါ။ အရင်ကတော့ ဆက်သွယ်ရေး ဖုန်း၊အင်တာနက် အဆင်ပြေတာကြောင့် ရောဂါဖြစ်တဲ့နေရာ အချိန်သွားရောက် စီမံလို့ရတာကြောင့် အသေအပျောက်နည်းခဲ့ပါတယ်” ဟု ဒေါက်တာဟုန်းမနားက ပြောသည်။
မင်းတပ်မြို့နယ်တွင် ကျွဲ၊ နွား၊ နွားနောက် မွေးမြူးသည့် လူတိုင်းသည် အိမ်မွေး တိရစ္ဆာန်များကို ဆေးထိုးတတ်ပြီး ဆေးမထိုးတတ်သည့် ကျေးရွာများကို သွားရောက်သင်တန်းပေးထားကြောင်း၊ လက်ရှိမှာလည်း ဆေးညွှန်းပမာဏ ညွှန်ပြခြင်းနှင့် ဆေးထောက်ပံ့ပေးရန်သာ လိုအပ်သည်ဟု သိရသည်။
ဒေါင့်သန်းရောဂါသည် တိရစ္ဆာန်အချင်းချင်းကြား ကူးစက်ပုံမှာ တိရစ္တာန်က စွန့်ထုတ်သော အညစ်အကြေးစွန်းနေသာ မြေကြီး သို့မဟုတ် မြက်နှင့် ထိတွေ့ခြင်း၊ စားမိခြင်း၊ ခြင်း၊ သန်းတို့မှ တဆင့် ကူးဆက်ခြင်းများ ဖြစ်နိုင်သည်ဟု သိရသည်။
“ရောဂါ လက္ခဏာက ထင်ထင်ရှားရှား အကြာကြီး ဖျားနာပြီး သေတတ်တဲ့ ရောဂါမျိုး မဟုတ်တော့ စောစောစီးစီး သိရဖို့ခက်တယ်။ တောင်ပေါ်မှာက နွားနောက်၊ နွားတွေကို တောထဲ ဒီတိုင်းပဲလွှတ်ထားကြတာကို။ သေပြီးမှ သေတဲ့တိရစ္ဆာန်က ဝမ်းပိုက်ဖောင်းကားနေမယ်၊ နံမယ်၊ ပါးစပ်၊ နှာခေါင်း၊စအို စတဲ့ ကိုယ်ပေါက်တွေကနေ မခဲနိုင်တဲ့ သွေးပုပ်တွေစီးလာမယ် အဲချိန်မှ ပဲ သိရတာများတယ်” ဟု ဒေါက်တာဟုန်းမနားက ပြောသည်။
ဖေဖော်ဝါရီလကလည်း မင်းတပ်မြို့တွင်းက ပိုင်ရှင်မဲ့များ ဖြစ်နေသော လေလွင့် ခွေးနှင့် ကြောင်များ၊ မြို့ပတ်လည်ရှိ ကျေးရွာများမှ မွေးမြူးထားသော အိမ်မွေးခွေးနှင့် ကြောင်များကို ခွေးရူးပြန်းကာကွယ်ဆေး ထိုးနှံခဲ့သည်ဟု သိရသည်။
မင်းတပ်မြို့သိမ်းတိုက်ပွဲပြီးနောက် မင်းတပ်မြို့နယ်ချင်းတော်လှန်ရေးအင်အားစုများသည် မြို့ပေါ် ဒေသခံပြည်သူများ ပြန်လည်နေထိုင်နိုင်ရေးအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။