စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့် ချင်းပြည်နယ် မင်းတပ်မြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့သည် စစ်ကြောင်း ၃ ကြောင်းဖြင့် စစ်ဘေးရှောင်ဒုကသည်အများစုနေထိုင်ကြသည့် ကျေးရွာဘက်သို့ တက်လာပြီး ယနေ့နံနက်ပိုင်း ၁၀ နာရီဝန်းကျင်ခန့်ကစ၍ Mindat-CDF တပ်ဖွဲ့များနှင့် ပစ်ခတ်မှုများရှိနေသည်ဟုသိရသည်။
အာဏာသိမ်းစစ်ကောင်စီသည် မင်းတပ်မြို့အရှေ့ဘက်ခြမ်း၊ အနောက်ဘက်ခြမ်းဘက်တို့မှ စစ်ကြောင်း ၂ ကြောင်းဖြင့် Mindat-CDF တပ်ဖွဲ့ကိုထိုးစစ်ဆင်တိုက်ခိုက်လာသည့်အပြင် မင်းတပ်-မကွေးနယ်စပ် ရွှေအောင်သာဘက်တွင်လည်း ဇွန်လ ၃ ရက်နေ့ကတည်းက ယနေ့ချိန်ထိ တိုက်ပွဲဖြစ်ပွားနေသည်ဟု Mindat-CDF မှတာဝန်ရှိသူတစ်ဦးကပြောသည်။
“ဒီနေ့မနက်ကျတော့ မင်းတပ်မြို့ရဲ့အရှေ့ဘက်ကနေ ဆင်းလာပြီးမှ စစ်ဘေးရှောင်အများစုက မြို့ရဲ့ မြောက်ဘက်ခြမ်းရွာမှာအများစုရှိကြတယ် အဲဒီဘက်ကို ဦးတည်လာတဲ့ စစ်ကြောင်း ၂ ကြောင်းရှိတယ်၊ အင်အား ၉၀ ကျော်လောက်ရှိမယ် ဘောင်ထဲရွာကနေ ချောင်းဆုံဘက်ကိုတက်လာတယ် အဲဒီမှာ ကျနော်တို့အဖွဲ့နဲ့တိုက်ပွဲဖြစ်တယ်၊ မြို့အနောက်ဘက်ကနေတက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ကျနော်တို့တပ်ဖွဲ့တွေ ရှက်ရွာမှာ တိုက်ပွဲထပ်ဖြစ်တယ်၊ ရွှေအောင်သာဘက်မှဖြစ်တယ် စစ်ကြောင်း ၃ ကြောင်းနဲ့ တစ်ပြိုင်တည်းတိုက်နေရတာပေါ့’’ ဟု Mindat-CDF မှတာဝန်ရှိသူတစ်ဦးကပြောသည်။
စစ်ကောင်စီတပ်ဖွဲ့မျာသည် လက်နက်ကြီးများကို တောက်လျှောက်အသုံးပြုနေပြီး ယနေ့မနက် ရှက်ရွာတိုက်ပွဲတွင် ဒဏ်ရာရရှိသူတစ်ဦးမှာ ဓာတုလက်နက်များရှှုရှိက်မိ၍ အဆိပ်သင့်သည့်လက္ခဏာများခံစားနေရကြောင်း Mindat-CDF က ထုတ်ပြန်ထားသည်။