ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ယှက်ကျေးရွာအနီးတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ပြည်သူ ၂ ဦးကို သတ်ဖြတ်ခဲ့ပြီး ဆိုင်ကယ် ၁ စီးနှင့်အတူမီးရှို့ထားခဲ့သည်ဟု သတင်းရရှိသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မင်းတပ်မြို့နယ်အတွင်းထိုးစစ်ဆင်တိုက်ခိုက်မှုတွင် ဒေသခံပြည်သူများအား ဖမ်းဆီး ခေါ်ဆောင်မှုရှိခဲ့ပြီးနောက် လမ်းခုလတ်တွင် သတ်ဖြတ်မီးရှိုခြင်းဖြစ်နိုင်သည်ဟု ယူဆရပြီး မည်သူမည်ဝါ ဖြစ်သည်ကိုမူ မသိရကြောင်း CDF-Mindat ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမန်ကပြောသည်။
“ပြည်သူ ၂ ဦးကို မနေ့တနေ့ကပေါ့နော် ၂၇ ရက်နေ့က သတ်ပြီးမှ မီးရှို့သွားတာပေါ့ စကစက ဖမ်းခေါ်သွားတာ တွေရှိ တယ်၊ ဘယ်တစ်ယောက်ကိုသတ်ပြီး မီးရှို့သွားလဲတော့မသိရဘူး” ဟု ဆလိုင်းယောမန်ကပြောသည်။
ယှက်ကျေးရွာသည် မင်းတပ်မြို့နှင့် မျက်နှာချင်းဆိုင် တဖက်တောင်တွင် တည်ရှိပြီး ဒီဇင်ဘာလ ၂၈ ရက်က စစ်ကောင်စီ တပ်ဖွဲ့များ စစ်ကြောင်းထိုးကာ ညအိပ်ခဲ့ကြသည်ဟုသိရသည်။
ထို့အပြင် ယမန်နေ့က မင်းတပ်မြို့ထဲ ပြန်ဝင်လာသော စစ်ကောင်စီတပ်ဖွဲ့များ ရှေ့တွင် ပြည်သူနှစ်ဦးကိုလည်း ကြိုးဖြင့်ချည်တုပ်ပြီး ဖမ်းဆီးခေါ်ဆောင်းသွားသည်ဟု သိရပြီး ၎င်းတို့မှာ စစ်ကြောင်း ထွက်ရာ ကျေးရွာတလျှောက်မှ ဖမ်းဆီးလာသော ပြည်သူများဖြစ်နိုင်သည်ဟုလည်း သိရသည်။
ဒီဇင်ဘာလ ၁၇ ရက်နေ့ကစပြီး စစ်ကြောင်း ၂ ကြောင်းဖြင့် မင်းတပ်မြို့နယ်တွင် ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်ဖွဲ့များနှင့် ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CDF-Mindat ) တို့သည် ဒီဇင်ဘာလ ၂၆ ရက်နေ့အထိ ရှစ်မွှေး၊ လာပန်း၊ ဝမ္မသူး၊ ခွီးရိန် စသည့်ကျေးရွာများတွင် အနည်းဆုံးတိုက်ပွဲ ၈ ကြိမ်လောက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ဗိုလ်ကြီး အဆင့်ရှိ သူတစ်ဦးအပါအဝင် ၈ ဦးသေဆုံးခဲ့သည်ဟု သိရသည်။