(006SV)
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှ နိုင်ငံတကာရောက်ရှိနေကြသော ဒေသခံပြည်သူများအနေဖြင့် မင်းတပ်မြို့သိမ်းတိုက်ပွဲအတွက် ရန်ပုံငွေများ မဖြစ်မနေ ထည့်ဝင်ကြရန် မြို့သိမ်းတိုက်ပွဲ အရေးပေါ်ဘဏ္ဍာငွေရှာဖွေရေးကော်မတီ (ပြည်ပ) က သတိပေးနှိုးဆော်သည်။
ပြည်သူများအနေဖြင့် ဘုံရန်သူ စစ်အာဏာရှင်စနစ် ဖြုတ်ချရေးကို ရှေရှုလျက် တော်လှန်ရဲဘော်များနှင့်အတူ မင်းတပ်မြို့သိမ်းစစ်ဆင်ရေးတွင် တာဝန်ကျေပွန်စွာ ပူးပေါင်းပါဝင်အားဖြည့်ပေးပါရန် ဇူလိုင်လ ၉ ရက်က ယင်းပြည်ပကော်မတီက သတင်းထုတ်ပြန်သည်။
မြို့သိမ်းတိုက်ပွဲအရေးပေါ် ဘဏ္ဍာငွေရှာဖွေရေးကော်မတီ (ပြည်ပ) ကို ဖွဲ့စည်းထားပြီးဖြစ်၍ နိုင်ငံအလိုက် ထည့်ဝင်ရမည့် သတ်မှတ်ချက်များအတိုင်း မပျက်မကွက် ထည့်ဝင်ကြရန် အထူးထပ်မံ နှိုးဆော်တိုက်တွန်းထားသည်။
ရရှိသော ဘဏ္ဍာငွေများကို တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ကာကွယ်ရေးတပ်ဖွဲ့တို့မှ ဖွဲ့စည်းထားသော “မြို့သိမ်းတိုက်ပွဲ အရေးပေါ်ဘဏ္ဍာငွေ ရှာဖွေရေးကော်မတီ (ပြည်တွင်း)” ထံ အပ်နှံပြီး၊ မင်းတပ်မြို့ကို အမြန်ဆုံး သိမ်းပိုက်နိုင်ရေး ဝိုင်းဝန်းလုပ်ဆောင်နေကြလျက်ရှိကြောင်း ပြည်ပကော်မတီက ထုတ်ပြန်သည်။
မွေးရပ်ဒေသနှင့် ချင်းပြည်တွင် အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ မည်သို့သော ရန်သူကိုမဆို တွန်းလှန်တိုက်ထုတ်နိုင်ရေး၊ ချင်းတစ်မျိုးသားလုံး တန်းတူညီမျှခွင့် ရရှိရေးအတွက် ပြည်တွင်း/ပြည်ပရှိ တော်လှန်ရေးအင်အားစုများ အားလုံး၊ ထောက်ပို့များအားလုံးက သဘောထားကြီးစွာ စည်းစည်းလုံးလုံး ပူးပေါင်းလက်တွဲကြရန် အရေးအကြီးဆုံးအချိန် ရောက်ရှိလာပြီဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
အမိမြေပြန်လည် ရပိုင်ခွင့်အတွက် ပြည်သူ့အားဖြင့် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးကို တွန်းလှန်တိုက်ထုတ်လျက်ရှိရာ ရဲဘော်များ၏ အသက်များစွာ၊ ကိုယ်လက်အင်္ဂါများ ပေးဆပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ယမန်နေ့ ဇူလိုင်လ ၁၀ ရက်လည်း မင်းတပ်မြို့အနောက်ခြမ်းကို စစ်ကောင်စီက ဂျက်ဖိုက်တာ ၃ စီးဖြင့် လေကြောင်းတိုက်ခိုက်မှု ၈ ကြိမ်ပြုလုပ်ခဲ့ပြီး မြို့အနီးဝန်းကျင်ကိုလည်း လက်နက်ကြီးများဖြင့် ပိုမိုပစ်ခတ်မှုများ ပြုလုပ်နေကြောင်း သိရသည်။
မင်းတပ်တော်လှန်ရေးအင်အားစုများသည် ကျန်းမာရေးကဏ္ဍအတွက် လိုအပ်သော ဆေးဝါးပစ္စည်းများနှင့် ဘဏ္ဍာငွေကြေများ ကိုလည်း Project အာရောဂျံ ကမ်းပိန်ကို ဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းပြည်ပ ပြည်သူများ ထောက်ပံ့ကူညီနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။
စစ်ကောင်စီသည် မင်းတပ်မြို့ပေါ် စစ်ခန်းသို့ ခံစစ်အတွက် ရည်ရွယ်ပြင်ဆင်၍ ရဟတ်ယာဉ်ဖြင့် စစ်အင်အား တိုးမြှင့်ချထားပြီး၊ လက်နက်ခဲယမ်းများ ဖြည့်တင်ထားကြောင်း သိရသည်။
၂၀၂၄ ခုနှစ်အတွင်း ချင်းပြည်နယ်မှာ စစ်ကောင်စီကင်းစင်ရေးကို စစ်ရေးရည်မှန်းချက်ချထားကြောင်း ချင်းညီနောင်တပ်ဖွဲ့များက ကြေညာထားသည်။