(06SV)
မကွေးတောင်ပိုင်း မင်းဘူး- အမ်းလမ်းမကြီးပေါ်ရှိ၊ ငဖဲမြို့နယ်၊ မြေလတ်ကျေးရွာအနီး ဓါတ်ငွေ့ပိုက်လိုင်းထိန်းချုပ်သော နေရာတစ်ခုကို စောင့်ကြပ်နေသည့် စစ်ကောင်စီစခန်းတစ်ခုကို ချင်းကာကွယ်ရေးတပ်- အရှို (CDF- Asho) က စီးနင်းတိုက်ခိုက်ရာ စခန်းအရာရှိ အရာခံဗိုလ် (၁) ဦးအပါအဝင် ၂ ဦး သေဆုံးခဲ့သည်ဟု သိရသည်။
ဩဂုတ် ၂၀ ရက် မနက် ၅ နာရီခွဲတွင် မကွေးတိုင်းနှင့် ရခိုင်ပြည်နယ်ကို ဆက်သွယ်သော မင်းဘူး – အမ်းလမ်းမပေါ်ရှိ ဓါတ်ငွေ့ပိုက်လိုင်း ထိန်းချုပ်သော နေရာတစ်ခုကို စောင့်ကြည့်နေသည့် စစ်စခန်းကို စောင့်ကြည့် ထောက်လှမ်းပြီး ရန်သူလက်နက်များ ရရှိရန် စစ်စခန်းအတွင်းရှိ စခန်းအရာရှိ အိပ်ဆောင်အထိ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့သည်ဟု ချင်းကာကွယ်ရေးတပ် – အရှိုမှ တာဝန်ရှိသူ ဆလိုင်းရိုးချင်းက ပြောသည်။
“တိုက်ပွဲလုပ်ဖို့ ကျနော်တို့ ထောက်လှမ်းရတယ်။ စခန်းအနီးအထိ သွားပြီးတော့ လူအင်အား၊ လက်နက်အင်အား ဘယ်လိုရှိလဲ ကိုယ်တိုင်လေ့လာရတယ်။ တပ်သားအင်အားလည်း နည်းတဲ့အတွက် လက်နက်ရရေးဆိုတဲ့ ကျနော်တို့ရဲ့ ရည်ရွယ်ချက်နဲ့ ဝင်ရောက်တိုက်ခိုက်တာပါ။ အဲဒီအချိန်မှာ စခန်းဝင်းအတွင်းပဲ မဟုတ်ပဲနဲ့ အခုသေဆုံးသွားတဲ့ အရာရှိအိပ်ခဲ့တဲ့ အဆောင်ထိ ဝင်ရောက်ပြီးတော့ ပစ်ခတ်တိုက်ခိုက်ရတဲ့ ပုံစံမျိုးပါ” ဟု သူက ပြောသည်။
တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ စခန်းအရာရှိ အရာခံဗိုလ် (၁) ဦး ပွဲချင်းပြီးသေဆုံးကာ အခြားအဆင့် (၁) ဦးမှာ အပြင်းအထန် ဒဏ်ရာရရှိ၍ ဆေးရုံးအရောက် ယမန်နေ့ ညပိုင်းက ထပ်မံသေဆုံးပြီး အခြားဒဏ်ရာရရှိသူများလည်းရှိသည်ဟု တာဝန်ရှိသူက ပြောသည်။
၄၅ မီနစ်ကြာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားရာ ကျည်မလုံလောက်မှု ဖြစ်ပေါ်လာခြင်း၊ လက်နက်အင်အား မမျှခြင်းကြောင့် အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့များ ထိခိုက်မှု တစ်စုံတစ်ရာမရှိဘဲ ပြန်ဆုတ်ခဲ့ပြီး လက်နက်ခဲယမ်းများကိုတော့ မရရှိခဲ့ကြောင်း သိရသည်။
ပိုက်လိုင်းထိန်းချုပ်သော စက်ပိုင်းဆိုင်ရာ အဆောက်အဦးကို တိုက်ခိုက်တာမဟုတ်ဘဲ စစ်ကောင်စီ စခန်းဝန်းကို ဦးတည်တိုက်ခိုက်ခဲ့တာဖြစ်သောကြောင့် စခန်းဝန်းအတွင်းက အဆောက်အဦးများ၊ ကင်းစခန်းများ ပျက်စီးခဲ့သည်ဟု သိရသည်။