(005MK)
အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် အင်ဖားမြို့အကျဉ်းထောင်ထဲ ဖမ်းဆီးထိန်းသိမ်းခံနေရသော မြန်မာနိုင်ငံသားများသည် ၎င်းတို့လွတ်မြောက်ရေးအတွက် အစာငတ်ခံဆန္ဒပြမှု ဆက်လက်ဆောင်ရွက်နေပြီး ယနေ့ဆိုလျှင် ၆ ရက်မြောက်ရှိလာပြီဖြစ်သည်။
အင်ဖားအကျဉ်းထောင်ထဲ အကျဉ်းကျခံနေရသော မြန်မာနိုင်ငံသားများအား စစ်ကောင်စီလက်ထံ ပြန်မအပ်ရန်နှင့် အမြန်ဆုံးလွှတ်ပေးရန် ဇွန်လ ၁၆ ရက်နေ့ကစ၍ လူငယ် ၂၈ ဦးက ထောင်တွင်းအစာငတ်ခံဆန္ဒပြမှုစတင်ပြုလုပ်ခဲ့ကြပြီး ထောင်အာဏာပိုင်းများက အသံဗုံး၊ ရာဘကျဉ်ဆန်များဖြင့် ဖြိုးခွင်းခဲ့ပြီးနောက် တထောင်လုံးတွင်ရှိသော မြန်မာနိုင်ငံသား ၉၉ ယောက်စလုံးသည် ၎င်းတို့လွတ်မြောက်ရေးအတွက် အစာငတ်ခံဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။
အစာငတ်ခံဆန္ဒပြသူ ၉၉ ယောက်အနက် ၃၃ ယောက်သည် ဇွန်လ ၂၀ ရက်နေ့တွင် ရပ်နားခဲ့ကြပြီး ကျန် ၆၆ ယောက်မှာ ၎င်းတို့တောင်းဆိုချက်မရမချင်း ဆက်လက်ဆန္ဒပြခဲ့ကြသည်။
အဆိုပါ ၆၆ ဦးထဲမှ အသက် ၅၀ နှင့် ၆၀ ကျော်အရွယ်ရှိသော အမျိုးသား ၂ ဦးမှာ အင်အားချိနဲ့လာပြီး ကိုယ်လက်လှုပ်ရှားရန် ခက်ခဲလာသောကြောင့် ဆေးဝါးကုသပေးရန် ထောင်အာဏာပိုင်များကို တောင်းဆိုထားကြသည်ဟု သိရသည်။
အစာငတ်ခံဆန္ဒပြမှု ရပ်နားသွားသည့် ၃၃ ယောက်မှာ မြန်မာယက္ကန်းအလုပ်သမားအများစုဖြစ်ကြပြီး ၎င်းတို့သည် ထောင်အာဏာပိုင်းများနှင့်ဆွေးနွေးမှုအရ မြန်မာနိုင်ငံဘက်သို့ပြန်ပို့ရန်သဘောတူလက်ခံသည့်အတွက် ဆန္ဒပြမှုကို ရပ်နားခဲ့ကြခြင်းဖြစ်သည်ဟု မြန်မာအကျဉ်းသားနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ယခုလက်ရှိအင်ဖားမြို့ နိုင်ငံခြားသားများ ထိန်းသိမ်းရေးစင်တာ (အကျဉ်းထောင်) တွင် မြန်မာနိုင်ငံသား ၉၉ ယောက် နှင့် SAJIWA ဗဟိုအကျဉ်းထောင်တွင် မြန်မာနိုင်ငံသား အယောက် ၆၀ ခန့် ဖမ်းဆီးထိန်းသိမ်းခံနေရဆဲဖြစ်သည်။
ပြီးခဲ့သည့် မေလ နှင့် ဇွန်လဆန်းပိုင်းက အင်ဖားမြို့အကျဉ်းထောင်ထဲမှ မြန်မာနိုင်ငံသား ၇၇ ဦးကို မဏိပူရ်အစိုးရအစီစဉ်ဖြင့် အိန္ဒိယဆိုင်ရာ မြန်မာသံရုံးနှင့်ညှိနှိုင်းကာ တမူး-မိုးရေ နယ်စပ်ကတဆင့် နေရပ်ပြန်ပို့ခဲ့သည်။