(02HH)
ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့ပေါ်တွင်ရှိသော စစ်ကောင်စီတပ်က အောက်တိုဘာ ၂၉ ရက်နေ့ကစပြီး မြို့ တွင်းနေပြည်သူများ ခရီးသွားလာခွင့်ကို ရက်ကန့်သတ်မရှိ ပိတ်လိုက်သည်ဟု သိရသည်။
မတူပီ-ဟားခါးလမ်းမပေါ်တွင် တပ်စွဲထားပြီး အင်အားဖြည့်လာသည့် စစ်ကောင်စီစစ်ကြောင်းကို CDF-Matupi က လက်ဦးမှုယူပြီး တိုက်ခိုက်ပြီးနောက်ပိုင်းတွင် ပိတ်ပင်လိုက်ခြင်းဖြစ်သည်ဟု CDF-Matupi တာဝန်ခံ G-1 က ပြောသည်။
“ထိတွေ့မှုခနဖြစ်တာနဲ့ အခုမြို့ထဲမှာ အကုန်လုံးအပြင်ကို ထွက်ခွင့်ပိတ်ထားတယ်။ မြို့တွင်း ဧည်သည့်အဝင်အ ထွက်များရင်တော့ သူတို့မလုံခြုံဘူး၊ မြို့တွင်းအခြေအနေကို မြို့တွင်းကနေ အပြင်ထွက်သွားရင် ကျွန်တော်တို့စီ သတင်း ပြန်ရောက်တယ်လေ၊ ကြောက်သွားလို့ဖြစ်မှာကျွန်တော်တို့အဖွဲ့ကိုမသိစေချင်ဘူး သူတို့ လျို့ဝှက်နဲ့ ပိတ်ထားတာ။” CDF-Matupi တာဝန်ခံ G-1 က ပြောသည်။
အဆိုပါ ပိတ်ပင်မှုကြောင့် မတူပီမြို့အနီးအနားတွင်ရှိသော ကျေးလက်ပြည်သူများ မြို့တွင်း ဆီ၊ ဆား၊ ငပိ အပါအဝင် အခြားစားသောက်ကုန်ပစ္စည်း၊ လူသုံးကုန်ပစ္စည်းများဝယ်ယူရန် ပိုအခက်အခဲတွေ့နေကြရသည်ဟု သိရသည်။
စစ်ကောင်စီတပ်က မြို့တွင်း၊မြို့ပြင် ခရီးသွားလာခြင်းပိတ်ထားသည်မှာ ၃ ရက်သာရှိနေသေးသော်လည်း လက်ရှိမတူပီမြို့ထဲတွင် စားသောက်ကုန်ပစ္စည်းအပါအဝင် ဆန်စျေးနှုန်းများ မြင့်တက်လာနေပြီဖြစ်သောကြောင့် ယခုထက်ရက်ကြာမြင့်ပါက ရိက္ခာပြတ်တောက်လာမည်ကို မြို့ခံများက စိုးရိမ်နေရသည်ဟု မတူပီမြို့ခံတစ်ဦးက ပြောသည်။
“သူတို့အဲ့လိုပိတ်တာနဲ့စျေးတွေက ထိုးထိုးတက်လာတယ်၊ အခြေခံစားသုံးကုန်တွေက နယ်ဖက်ကလည်း ဆား၊ငပိတွေဝယ်မယ့်သူတွေအတွက် တော်တော်ခက်ခဲရှိတယ်။ အညံ့ဆုံးပေါ်ဆန်းတောင် ၉သောင်းနဲ့ တစ်သိန်းကြားမှာရှိတယ်။” ဟု မတူပီမြို့ခံက ပြောသည်။
မတူပီမြို့ပေါ်တွင် CDF-Matupi နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီးတိုင်း စစ်ကောင်စီတပ်ဖွဲ့ဖက်မှ ပြည်သူများ မတူပီမြို့တွင်း၊မြို့ပြင် ခရီးသွားလာခြင်းမပြုရန် ပိတ်ထားလေ့ရှိပြီး ရက်သတ္တပတ်ခန့်ကြာမြင့် တတ်သည်ဟု CDF-Matupi က ပြောသည်။
မတူပီမြို့ပေါ်တွင် MPT ဖုန်းလိုင်းတခုသာရှိပြီး မနက် ၆ နာရီမှ ည ၆နာရီအထိသာ အချိန်အကန့်သတ်ဖြင့် အသုံးပြုနေရကြသောကြောင့် မိသားစုနှင့် အဝေးမှာနေသူများအတွက် ဖုန်းဆက်သွယ်ရန် ပိုမိုခက်လာကြရသည်။