ချင်းပြည်နယ် မတူပီမြို့နယ်တွင် အာရက္ခတပ်တော် AA နှင့် ချင်းလဲန်းကောင်စီတပ်ဖွဲ့တို့ ဇူလိုင်လ ၅ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။
မတူပီ-ပလက်ဝကြား မတူပီမြို့နယ် Valangte ကျေးရွာနှင့် Lesin ကျေးရွာကြားတွင် ဇူလိုင်လ ၅ ရက်နေ့က ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု CDF-Matupi တပ်မဟာ ၂ ပြောရေးဆိုခွင့်ရှိသူ နိုင်ဂျွန်ကိမ်းကပြောသည်။
“ပလက်ဝလမ်းကြောမှာ AA တွေပြန်ပြီးတော့ရောက်လာတဲ့အခါကျတော့ ပြန်ပြီးတော့တိုက်ပွဲဖြစ်တာပါ၊ Valangte ရွာမှာဖြစ်တယ် အဲဒီရွာအနီးနားမှာလည်းထိတွေ့မှုတွေရှိတယ် မနေ့ညအထိ ပစ်ခတ်မှုရှိတယ် ဒီမနက်တော့ ငြိမ်နေတယ်” ဟု နိုင်ဂျွန်ကိမ်းကပြောသည်။
မတူပီ-ပလက်ဝလမ်းပေါ်က Valangte, Lesin, Valangpi A, Valangpi B နှင့် Kola ကျေးရွာတို့မှ ဒေသခံပြည်သူ တစ်ထောင်ဝန်းကျင်ခန့်သည် ၎င်းတို့ကျေးရွာများတွင် AA တပ်ဖွဲ့များ တပ်စွဲထားကြသည့်အတွက် တောထဲသို့ စစ်ဘေးရှောင်နေကြရသည်မှာ တစ်ပတ်ကျော်ခန့်ရှိနေပြီဟု သိရသည်။
ယခုလက်ရှိတွင်လည်း ဒေသခံပြည်သူများသည် နေရပ်ပြန်ရန်မဖြစ်နိုင်သေးဘဲ တောထဲသို့ စစ်ဘေးရှောင်နေကြရဆဲဖြစ်ပြီး မိုးကာ၊ ခြင်ထောင် နှင့် ဆေးဝါးများ အကူအညီလိုအပ်နေသည်ဟု သိရသည်။
အာရက္ခတပ်တော် AA အနေဖြင့် ချင်းပြည်ကနေ အမြန်ဆုံးပြန်လည်ဆုတ်ခွါပေးသင့်ပြီး ပြန်လည်ဆုတ်ခွါခြင်းမရှိ သရွေ့တိုက်ပွဲများဆက်လက်ဖြစ်လာနိုင်သည်ဟု CDF-Matupi တပ်မဟာ ၂ ပြောရေးဆိုခွင့်ရှိသူကပြောသည်။
ချင်းပြည်တောင်ပိုင်းတွင် အကြီးဆုံးစစ်ဗျူဟာအခြေစိုက်ရာ မတူပီမြို့ကို ချင်းညီနောင်က အာရက္ခတပ်တော် AA ၏ စစ်ရေးအကူအညီနှင့် ဇွန်လ ၂၉ ရက်နေ့မှာ အပြီးသတ် သိမ်းပိုက်ခဲ့ကြသည်။