(06SV)
ချင်းပြည်နယ်၊ မတူပီမြို့၊ မတူပီ- ဟားခါးလမ်းမပေါ်ရှိ စစ်ကောင်စီတပ် ထိန်းချုပ်ထားသောနေရာမှာ သီးသန့် စစ်ဆင်ရေးတစ်ခု ပြုလုပ်ခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲမှ ဒု-ရဲအုပ်တစ်ဦးကို လက်နက်နှင့်တကွ လက်ရဖမ်းဆီးနိုင်ခဲ့သည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီမှ သတင်းရရှိသည်။
“အဲဒီ ဖနိုင်နဲ့ ငနိုင်ကြားက စကစ ထိန်းချုပ်တဲ့ နယ်မြေ၊ ကျနော်တို့ထိန်းချုပ်တဲ့ နယ်မြေထဲမှာ မပါဘူး။ အဲတော့ သူတို့က အဲဒီဘက်မှာတော့ လွတ်လွတ်လပ်လပ်ပဲ သွားလာကြတယ်။ အဲတော့ သီးသန့် စစ်ဆင်ရေးသဘောပဲ၊ တိုက်ပွဲပုံစံမျိုး မဟုတ်ပဲနဲ့ပေါ့။ လူကြီး တစ်ယောက်လာမဲ့ဆိုတာနဲ့ သွားဖမ်းခဲ့တယ်။ သူကို ဖမ်းဆီးပြီးတော့ စကစဘက်က ရမ်းတမ်း လက်နက်ကြီးနဲ့ ပစ်တယ်” ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ဇူလိုင်လ ၂၆ ရက် ညနေ ၃ နာရီခွဲခန့်က မတူပီမြို့၊ မတူပီ- ဟားခါး လမ်းမပေါ်ရှိ ဖနိုင်ကျေးရွာနှင့် မတူပီ ခရိုင်ရုံးအကြား စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ တပ်စွဲထားသော ရှေ့တန်းကင်းစခန်းတစ်ခုကို CDF – မတူပီက တပ်ဖွဲ့ဝင်တချို့က လျပ်တပြတ် စစ်ဆင်ရေးတစ်ခု ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ယင်းစစ်ဆင်ရေးမှာ မတူပီမြို့နယ်၊ ရဲတပ်ဖွဲ့မှ ဒု-ရဲအုပ် ချမ်းမြေ့အောင် (ကိုယ်ပိုင်အမှတ် လ- ၂၃၁၉၀၈) ကို ခြောက်လုံးပြုူး ပစ္စတိုတစ်လက်၊ လက်ပစ်ဗုံး နှစ်လုံး၊ ကျည်ဆံ (၅၈) တောင့်နှင့်တကွ လက်ရ အရှင်ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ချင်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီ ဘက်မှ သီးသန့်စစ်ဆင်ရေးပြီးနောက် အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့သည်ဟု သိရသည်။
ချင်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီက ဖမ်းဆီးရမိသော ဒု-ရဲအုပ်ကို မည်ကဲ့သို့ အရေးယူဆောင်ရွက်သွားမည်ကို အသေးစိတ် မပြောနိုင်သေးဘဲ ၎င်းကျးလွန်သော ပြစ်မှုများအလိုက် အရေးယူဆောင်ရွက်သွားမည်ဟု သိရသည်။