(002MG)
ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့နှင့် မကွေးတိုင်း ပခုက္ကူမြို့ကြား မော်တော်ယာဉ်စီးခ ကျပ်ငွေ (၂) သိန်းကျော်အထိ မြင့်တက်လာပြီး ဒေသခံပြည်သူများ အခက်ကြုံနေကြရကြောင်း သိရသည်။
စစ်ရေးအခြေအနေကြောင့် မတူပီ-မင်းတပ်လမ်းပိုင်းအသုံး၍မရသောကြောင့် မတူပီ-ရေဇွာ-ဂန့်ဂေါလမ်းမှတဆင့် ပခုက္ကူမြို့သို့ သွားနေရသည့်အတွက် ယာဉ်စီးခမှာလည်း လူတစ်ဦးလျှင် ငွေကျပ် (၂၃၀,၀၀၀) ထိမြင့်တက်သွားသည် ဟု မတူပီမြို့ဒေသခံတစ်ဦးက ပြောသည်။
မတူပီမြို့ခံတစ်ဦးက “ခရီးသည်ကားတွေ ဈေးနှုန်း မြင့်လွန်းတယ်၊ ကုန်ပစ္စ ည်းတွေလဲ ဈေးများလွန်းတယ်လို့ ခရိုင်မှူး ဆီဆွေးနွေးကြပေမယ့် သိပ်ပြီးတော့ အဆင်မပြေချင်ဘူးခက်ခဲတဲ့ကြားထဲမှာ၊ ခရီးသွားတဲ့သူတွေရော အများကြီးပဲ ဆေးရုံ၊ ဆေးကုဖို့ ဆင်းတဲ့သူနဲ့ ၊ ရန်ကုန် ဆင်းတဲ့ သူနဲ့ လမ်းကြောင်းမကောင်းတော့ လိုင်းကားတွေက ၃ ရက် တကြိမ်လောက်ပြေးဆွဲနေတယ်” ဟု ပြောသည်။
ယခင်က မတူပီမြို့နှင့် ပခုက္ကူကြား ကားခမှာ လူတစ်ဦးလျှင် ကျပ်ငွေတစ်သောင်းခွဲခန့်သာရှိသည်ဟုသိရသည်။
ယခုကဲ့သို့ ယာဉ်စီးခများဈေးတက်ရခြင်းမှာ ပခုက္ကူ-မတူပီကြားလမ်းပိုင်းတွင် ဂိတ်ကြေးများ ကောက်ခံမှုများပြားခြင်းနှင့် ဒီဇယ်ဆီဈေးနှုန်းများ မြင့်တက်ခြင်းကြောင့်ဖြစ်သည်ဟု သိရသည်။
ယခုလက်ရှိ မတူပီမြို့တွင် ကုန်တင်ကားများ ပုံမှန်ဝင်ရောက်လာမူများရှိနေသော်လည်း ဆန်အပါအဝင် စားသောက်ကုန် ကုန်ခြောက်ပစ္စည်းဈေးနှုန်းများ မြင့်တက်နေပြီး ပေါ်ဆန်းမွှေးဆန်တအိတ်လျှင် (၁၉၀,၀၀၀) အထိရှိကာ ဒီဇယ်ဆီများ၊ ဆေးဝါးများ ပြတ်လပ်သည်အထိ ဝယ်ယူရန် ရှားပါးသည်ဟု သိရသည်။
ထို့အပြင် မတူပီမြို့ပေါ်တွင် အလုပ်ကိုင်ရှားပါးလာသောကြောင့် ပင်စင်စားအစိုးရဝန်ထမ်းများမှအပ တနေ့လုပ် တနေ့စား သာမာန်ပြည်သူအများစုမှာ မတူပီမြို့ စွန့်ခွာကာ တခြားဒေသနှင့် နယ်စပ်ဘက်ကို ပြောင်းရွေ့နေထိုင်သူ များပြားလာသည်ဟု သိရသည်။