• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Featured»မပျော်ရွှင်နိုင်သော ခရစ္စမတ်

မပျော်ရွှင်နိုင်သော ခရစ္စမတ်

0
By Editor on December 23, 2021 Featured

ရေးသူ – ဆလိုင်းထန်

တစ်နှစ်တာလုံးတွင် အပျော်ရွှင်ဆုံးနေ့အဖြစ် သတ်မှတ်ထားရသည့် ဒီဇင်ဘာလ (၂၅) ရက်၊ ခရစ္စမတ်နေ့ ရောက်တော့မည်။ သို့သော် ယခင်နှစ်များကလို မပျော်ရွှင်နိုင်ဟု ဒေသကိုစွန့်ခွာရင်း နေထိုင်ရသည့် ချင်းလူမျိုး ကိုဆလိုင်းက ပြောသည်။

အသက် (၃၀) ကျော်အရွယ် ကိုဆလိုင်းသည် ထန်တလန်ဇာတိဖြစ်ပြီး ပြီးခဲ့သည့် သုံးလကျော်ခန့်မှစတင်၍ ထန်တလန်မြို့ကို စွန့်ခွာကာ မိဘဆွေမျိုးများနှင့်အတူ ကျေးလက်ဒေသများတွင် စစ်ဘေးရှောင်အဖြစ် ပြောင်းရွှေ့နေထိုင်ရသူလည်း ဖြစ်သည်။

“ဒီလိုနေ့ဆိုတာ ကျွန်တော်တို့က အမျှော်လင့်ဆုံး၊ အပျော်ဆုံးနဲ့ ဝမ်းအသာဆုံးနေ့ပါ” ဟု ကိုဆလိုင်းက ခရစ္စမတ်ပွဲတော်နှင့်ပတ်သက်၍ သူ့ခံစားချက်ကို ပြောဆိုသည်။

ထို့အတူ စစ်ဘေးရှောင်စခန်းတစ်ခုတွင် နေထိုင်နေရသည့် အသက် (၄၀) နှစ်ဝန်းကျင်ရှိ မင်းတပ်မြို့ဒေသခံ မပန်းပန်းကလည်း ခရစ္စမတ်ကာလ ပျော်ရွှင်ကြရမည့်အစား ရင်ထဲတွင် သောကအပူများသာ ပြည့်နေသည်ဟု ပြောသည်။

“ကလေးတွေဆို အရမ်းပျော်ကြတာ၊ သူတို့အတွက် အဝတ်အစား အသစ်တွေ ရတယ်။ စားချင်တာတွေ စားကြရတယ် ဆိုတော့ ဒီလိုကာလဆိုရင် ပျော်နေကြတာပဲ၊ ဒါပေမယ့် အခုတော့ မနက်ဖြန် ဘာဖြစ်ဦးမယ် ဆိုတာတောင် မပြောနိုင်ဘူးဆိုတော့ သူတို့အတွက်လည်း စိတ်မကောင်းဘူး။ ဖြစ်နေတဲ့ အခြေအနေတွေ အတွက် သူတို့ကို နားလည်အောင်လည်း မပြောတတ်ဘူး” ဟု အသက် (၁၀) နှစ်အောက် ကလေးနှစ်ဦး၏ မိခင်လည်းဖြစ်သည့် မပန်းပန်းက ပြောဆိုသည်။

ဖေဖော်ဝါရီလ (၁) ရက်နေ့၊ စစ်အာဏာသိမ်းလိုက်ချိန်မှစပြီး တစ်နိုင်ငံလုံးရှိ လူတန်းစားအလွှာအသီးသီးက စစ်အာဏာရှင်စနစ်ကို လက်မခံ ကန့်ကွက်ကြောင်း ဆန္ဒပြမှုများကို ဆယ်လကျော်ချိန်အထိ ပြုလုပ်လျှက်ရှိကာ လက်နက်စွဲကိုင် တော်လှန်နေသူများလည်း ရှိသည်။

ထို့ကြောင့် လွန်ခဲ့သည့် ဆယ်လအတွင်း သက်ဆိုင်ရာဘာသာအလိုက် ပွဲလမ်းသဘင်များကို မည်သည့် ဘာသာဝင်များကမှ ယခင်ကလို ကြီးကျယ်ခမ်းနားစွာ မကျင်းပခဲ့ကြပေ။

စစ်ကောင်စီကို တွန်းလှန်နေကြသည့်အထဲ ချင်းပြည်နယ်သည်လည်း ရှေ့ဆုံးမှ ပါဝင်နေပြီး မင်းတပ်၊ ထန်တလန်မြို့တို့ဆိုလျှင် မြို့လုံးကျွတ် တိမ်းရှောင်နေရမှုများလည်း ရှိသည်။ ပို၍ဆိုးသည်က ထန်တလန်မြို့ ဖြစ်သည်။

မြို့မှ တိမ်းရှောင်သွားကြသူများမရှိချိန် မြို့ပေါ်နေအိမ်များ မီးလောင်မှုဖြစ်ပွားသည်မှာ နှစ်လကျော်ကာ လအတွင်း (၉) ကြိမ်ထက် မနည်း ရှိခဲ့ပြီဖြစ်ပြီး လူနေအိမ်များအပြင် ဘုရားရေးအဆောက်အဦများပါ မီးလောင်ပြာကျခဲ့ရသည်။ ထိုမီးလောင်မှုများကို စစ်ကောင်စီနှင့် ဒေသကာကွယ်ရေးအဖွဲ့တို့က အပြန်အလှန် စွပ်စွဲနေကြပြီး ဒေသခံတို့ကမူ စစ်ကောင်စီတို့က ရှို့ခြင်း ပို၍ဖြစ်နိုင်ကြောင်း ပြောဆိုကြသည်။

ထန်တလန်၏ ဖြစ်ရပ်ကို စာနာသောအားဖြင့် ဟားခါးမြို့တွင် ခရစ္စမတ်ပွဲတော်နှင့် နှစ်သစ်ကူးပွဲများ မကျင်းပရန် ဟားခါးခရစ်ယာန်ဂိုဏ်းပေါင်းစုံ ဓမ္မအမှုတော်ဆောင်များအဖွဲ့ (HCMF) က နိုဝင်ဘာလအတွင်း ထုတ်ပြန်ခဲ့သည်။

ခရစ္စမတ်ပွဲနှင့် နှစ်သစ်ကူးပွဲများကို အသင်းတော်အလိုက်၊ ရပ်ကွက်အလိုက် လူအုပ်စုဖွဲ့၍ မကျင်းပကြရန် ဖြစ်ပြီး မီးအလှဆင်ခြင်းများကိုလည်း ဘုရားကျောင်း ပလ္လင်နှင့် ဆိုင်းဘုတ်၊ နေအိမ်အတွင်းပိုင်းများ၌သာ လုပ်ဆောင်ကြရန်လည်း မေတ္တာရပ်ခံထားသည်။

“ကျွန်နော်တို့ရဲ့ သွေးချင်းညီအစ်ကိုဖြစ်တဲ့ ထန်တလန်မြို့က ပြည်သူအားလုံး မြို့ကိုစွန့်ခွာပြီး အိမ်တွေ မီးလောင်ပျက်စီးတဲ့ကြားမှာ ခရစ္စမတ်ပွဲကို ပျော်ပျော်ရွှင်ရွှင် ကျင်းပဖို့ဆိုတာ မဖြစ်နိုင် ” ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် အသင်းတော်နှင့် ရပ်ကွက်များ၌ ခရစ္စမတ်နေ့စုဝေးကာ ဝတ်ပြုဆုတောင်းခြင်း၊ ဧည့်ခံကျွေးမွေးခြင်းများ မပြုလုပ်ရန်အပြင် ဓမ္မအမှုတော်ဆောင်များအနေဖြင့်လည်း ရုံးနှင့် အခြားနေရာတွင် ခရစ္စမတ်ပွဲ ဖိတ်ကြား ခံရပါက မပါဝင်ကြရန်လည်း တိုက်တွန်းထားသေးသည်။

“အွန်လိုင်းပေါ်ကနေပဲ အစီအစဉ် ပြုလုပ်ကြဖို့တော့ စဉ်းစားထားကြတယ်” ဟု ဟားခါးမြို့မှ ဘာသာရေး ဆရာတစ်ဦးက ဆိုသည်။
ဟားခါးမြို့၏ ထိုကဲ့သို့ လုပ်ဆောင်မှုအပေါ် ကျေးဇူးတင်ကြောင်း ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ဟားခါးဆိုရင် ထန်တလန်ကို အောက်မေ့ဖွယ်အနေနဲ့ ဟားခါးမြို့မှာ ခရစ္စမတ်ပွဲတော် မလုပ်ဖို့ဆိုတာ ရှိတယ် ဒီနှစ်ကလေ။ ဘာသာရေးဆရာတွေက ပြောထားတာ ရှိတယ်။ အဲတစ်ခုတော့ ကျွန်တော်တို့က ကြည်နူးရတယ်။ ကျေးဇူးတင်တာပေါ့” ဟု ၎င်းက ဆိုသည်။

ယင်းအပြင် ပလက်ဝမြို့နယ်တွင်လည်း ယခုနှစ်အတွက် ခူမီးနှစ်သစ်ကူးပွဲတော်နှင့် ခရစ္စမတ်ပွဲတော်များကို ပွဲလမ်းသဘင်အဖြစ် စည်ကားသိုက်မြိုက်စွာ ဆင်ယင်ကျင်းပခြင်းများ မပြုလုပ်ကြရန် ခူမီးမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီမှ နိုဝင်ဘာလကုန်ပိုင်း၌ ထုတ်ပြန်ခဲ့သည်။
ထိုမျှမကသေး၊ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကလည်း ထန်တလန်မြို့နှင့် ထိစပ်နေသည့် ကျေးရွာများတွင်လည်း ခရစ္စမတ်ပွဲတော်ကို မကျင်းပကြရန် တိုက်တွန်းထားကြောင်းလည်း ထိုဒေသသို့ ရောက်ရှိနေသူများထံမှ သိရသည်။

ချင်းပြည်နယ်တွင် စစ်ကောင်စီကို လက်နက်စွဲကိုင်တော်လှန်မှုများကို ဧပြီလအတွင်း၌ စတင်ခဲ့သည်။ မင်းတပ်မြို့တွင် တော်လှန်ရေးစာရွက်များ လိုက်ကပ်နေသည့် ဒေသခံလူငယ် (၇) ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ရာမှ လက်နက်ဖြင့်တော်လှန်ရန် ဆုံးဖြတ်ခဲ့ကြကြောင်း မင်းတပ် CDF ထံမှ သိရသည်။

ထိုမှတစ်ဆင့် အခြားသော ချင်းပြည်နယ်ရှိ မြို့များတွင်လည်း မြို့နယ်အလိုက် ဒေသကာကွယ်ရေးတပ်ဖွဲ့များ ဖွဲ့စည်းလာကြကာ စစ်ကောင်စီကို တိုက်ခိုက်နေကြရာ မင်းတပ်၊ ထန်တလန်၊ မတူပီ၊ ကန်ပက်လက် ဒေသများတွင် တိုက်ပွဲပေါင်းမှာ ရာနှင့်ချီ၍ ရှိခဲ့ပြီဟု ထိုအဖွဲ့တို့၏ ထုတ်ပြန်ချက်မှတ်တမ်းများအရ သိရသည်။

ထို့အတူ ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲများ၊ စစ်ကောင်စီ၏ အကြမ်းဖက်မှုများကြောင့် မင်းတပ်မြို့နယ်တွင် လူပေါင်း နှစ်သောင်းခန့်၊ ထန်တလန်မြို့နယ်တွင် လူပေါင်း တစ်သောင်းခန့် အပါအဝင် ချင်းပြည်နယ်အတွင်းမှ ဒေသခံ အနည်းဆုံး သုံးသောင်းဝန်းကျင်သည် နေအိမ်စွန့်ခွာ ထွက်ပြေးနေရကြရပြီး ကိုယ့်အိမ်ကိုယ့်ရွာ ကိုယ့်ဒေသ၌ ခရစ္စမတ်ပွဲတော်ကို ကျင်းပခွင့် ဆုံးရှုံးနေကြရသည်။

ခရစ်ယာန်ဘာသာအလိုအရ ဒီဇင်ဘာလ (၂၅)ရက်နေ့ကို ယေရှုခရစ်တော် ဖွားမြင်သည့်နေ့ဟု သတ်မှတ်ထားပြီး ဝတ်ပြုဆုတောင်းကြခြင်း၊ မိဘဆွေမျိုးများ ဆုံဆည်းကြခြင်း၊ ပျော်ရွှင်ကြခြင်းကို လုပ်ဆောင်ကြသည်။

မိသားစု၊ ဆွေမျိုး၊ မိတ်ဆွေအပေါင်းအသင်းများ ပြန်လည်တွေ့ဆုံကြပြီး မိသားစုအကုန် ဆုံကြကာ ချီးမွမ်းပွဲကို ပြုလုပ်သည်။ လူငယ်များကလည်း အိမ်တိုင်ရာရောက် Carol လှည့် သီချင်းသီဆိုခြင်းများကို လုပ်ဆောင်ကြသည်။

“ဒါပေမယ့် အခုချိန်မှာဆို မိသားစုနဲ့လည်း မဆုံနိုင်တော့ဘူး။ မိသားစုနဲ့လည်း တစ်နေရာစီ ရောက်နေကြပြီ ဆိုတော့လေ။ အဲဒီတစ်ခုတော့ တော်တော်လေးကို မေ့လို့မရနိုင်တော့တဲ့ ခရစ္စမတ်နေ့လို့ ပြောရမှာပေါ့နော်။ ကျွန်တော်တို့အတွက်ဆိုရင်တော့ ” ဟု ကိုဆလိုင်းက သူ့ခံစားချက်ကို ပြောသည်။
နှစ်စဉ် ဆင်နွှဲနေကျ ပွဲတော်ကို မဆင်နွှဲနိုင်ဘဲ ကျော်ဖြတ်ရမည်ကို ရင်နာမိကြောင်းလည်း သူက ဆိုသည်။

ပြီးခဲ့သည့် ခရစ္စမတ်ကာလသည် ကိုဗစ်ကပ်ရောဂါ ကျရောက်နေချိန်ဖြစ်သော်လည်း ချင်းပြည်နယ် တောင်ပေါ်ဒေသ၌ ကိုဗစ်ကူးစက်မှု ကျဲပါးသည့်အတွက် ဘုရားကျောင်းတက်ခြင်း အပါအဝင် ကိုဗစ်ကပ်ရောဂါကြား၌ ခရစ်စမတ်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ကြသေးသည်။

ယခုနှစ်အတွက်မူ တောင်တန်းပေါ်ကော၊ မြေပြန့်တွင်ပါ ခရစ္စမတ်ပွဲတော်သည် ယခင်နှစ်များကလောက် စည်ကားသိုက်မြိုက်တော့မည် မဟုတ်ပေ။

“ဒီလိုနေ့ဆိုတာ ကျွန်တော်တို့က အမျှော်လင့်ဆုံး၊ အပျော်ဆုံးနဲ့ ဝမ်းအသာဆုံးနေ့ပါ။ ဒါပေမယ့် ဒီနှစ်တော့ ဘယ်လိုမှ မပျော်နိုင်တော့ဘူး ” ဟု မပျော်ရွှင်ဘဲ ဖြတ်ကျော်ရတော့မည့် ခရစ္စမတ်ကာလအတွက် ကိုဆလိုင်းက ဝမ်းနည်းစွာ ပြောဆိုလေသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

“ရွေးကောက်ပွဲရှိတာဟာ အခြေခံဥပဒေအရ အာဏာပြန်လွဲပြောင်းဖို့ လမ်းဖြစ်တယ်”

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

Leave A Reply Cancel Reply

  • Featured Article
February 7, 2023

“ရွေးကောက်ပွဲရှိတာဟာ အခြေခံဥပဒေအရ အာဏာပြန်လွဲပြောင်းဖို့ လမ်းဖြစ်တယ်”

January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.