(01RB)
မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ချင်းပြည်နယ်အတွင်းရှိ ချင်းကာကွယ်ရေးတပ်ဖွဲ့များ၏ ဌာနချုပ်အဆောက်အအုံများအပါအဝင် လူနေအိမ်များလည်း ပျက်စီးမှုရှိခဲ့သည်ဟု သိရသည်။
အလွန်အားကောင်းသော မိုခါဆိုင်ကလုန်းမုန်တိုင်းသည် မေလ ၁၄ ရက်နေ့က ရခိုင်ကမ်းရိုးတန်းကို စစ်တွေမြို့အနီးက ဖြတ်ကျော်ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။
မေလ (၁၄) ရက်နေ့ ညနေပိုင်းက ချင်းပြည်နယ်ကို တစ္န်နာရီ မိုင် (၅၀) ကနေ (၇၀) အထိ တိုက်ခိုက်ဝင်ရောက်ခဲ့ပြီး မင်းတပ်၊ ပလက်ဝ၊ မတူပီ၊ ဟားခါး၊ တီးတိန်၊ တွန်းဇံ၊ ဖလမ်းစသည့် မြို့နယ်များကို ဖြတ်သန်းသွားခဲ့သည်။
မုန်တိုင်းကြောင့် ချင်းပြည်နယ် မတူပီမြို့နယ်က CDF-Matupi ဌာနချုပ်စခန်း အဆောက်အအုံတချို့ ပျက်စီးခဲ့ခြင်းကြောင့် ဗုံးခိုကျင်းများတွင် အိပ်စက်ခဲ့ရသည်ဟု CDF-Matupi က ထုတ်ပြန်သည်။
ထို့အပြင် မုန်တိုင်းကြောင့် မတူပီမြို့နယ်အတွင်း ကျေးရွာတချို့က နေအိမ်များ ပျက်စီးခဲ့သည်ဟု သိရသော်လည်း ဆက်သွယ်ရေးအခက်အခဲကြောင့် ပျက်စီးမှုအခြေအနေအသေးစိတ် မသိရသေးပေ။
ကန်ပက်လက်မြို့နယ် မကြားအိမ်နူးတွင်လည်း လူနေအိမ်တလုံး၊ ဘုရားကျောင်းတစ်ကျောင်း၊ စာသင်ဆောင်နှစ်ခု အမိုးလန်ပျက်စီးခဲ့ပြီး၊ ပလက်ဝမြို့နယ် ဆမီးမြို့တွင်လည်း လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များအိမ်ခေါင်မိုးလန်ပျက်စီးမှုရှိခဲ့သည်ဟု သိရသည်။
ဟားခါးမြို့ မြို့သစ်ရပ်ကွက်ဘက်တွင်လည်း အိမ် ၂ လုံးပြိုခဲ့သည်ဟု ကြားကာလချင်း အမျိုးသားအတိုင်ပင်ခံကောင်စီသဘာပတိအဖွဲ့ဝင် ဆလိုင်းအိုက်ဇက်ခင်က သူ၏ လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြထားသည်။
အလားတူ ပလက်ဝမြို့နယ် CDF-Paletwa တပ်ရင်း ၂ ဌာနချုပ်အမိုးအကာ ဆိုလာများ ထိခိုက်ပျက်စီးခဲ့သည့်အပြင် ဖလမ်းမြို့နယ်က CNDF တပ်ရင်း ၂ ဌာနချုပ် အမိုးအကာများ ဆိုလာများ ထိခိုက်ပျက်စီးမှုရှိခဲ့သည်ဟု ဆိုသည်။
မိုခါ ဆိုင်ကလုန်းမုန်တိုင်းသည် ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် ရခိုင်ပြည်နယ်အပြင် ချင်းပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့်ကချင်ပြည်နယ်တို့ကို နာရီအတော်အသင့်ကြာအောင်ဖြတ်သန်းခဲ့ပြီး မြန်မာနိုင်ငံမြောက်ပိုင်းနယ်မြေများပေါ်တွင် ယနေ့ နံနက်ပိုင်း၌ အားပျော့ပျက်ပြယ်သွားပြီဖြစ်ပါသည်ဟု NUG အစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနက ယနေ့ထုတ်ပြန်သည်။
ကုန်းတွင်းပိုင်းမုန်တိုင်းအဖြစ် ဖြတ်ကျော်စဉ် ဖြတ်သန်းရာဒေသများတွင် မုန်တိုင်း၏ သက်ရောက်မှုများကြောင့် ဆည်များရေလျှံခြင်း၊ မိုးကြီးခြင်း၊ ချောင်းရေများစီးဆင်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပွားသည့်အတွက် ထိခိုက်ပျက်စီးမှုများစွာရှိပါသည်။
လတ်တလောတွင် ထိခိုက်ပျက်စီးမှုများကို စာရင်းကောက်ယူစုဆောင်းဆဲဖြစ်သည်ဟု လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနက ဆိုသည်။
ဆိုင်ကလုန်းမုန်တိုင်း၏ အရှိန်ကြောင့် မေလ (၁၅) ရက်နေ့တွင်လည်း စစ်ကိုင်းတိုင်း အထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး အချို့နေရာများတွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။