By မိုးကျော် – အိန္ဒိယနိုင်ငံအရှေ့မြောက်ဒေသ၊ မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်းမြို့နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့အကြား ခရီးသည်တင်ကားလိုင်း ပုံမှန်ပြေးဆွဲနိုင်ရေးနှင့်ပတ်သက်၍ အိန္ဒိယဗဟိုအစိုးရ ပြည်ပရေးရာဌာန ၀န်ကြီးထံ တင်ပြထားသည်ဟု မီဇိုရမ်အစိုးရအဖွဲ့လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ပြောသည်။
မီဇိုရမ်ပြည်နယ်အစိုးရ လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး TJ Lalnuntluanga သည် မကြာသေးခင်ရက်ပိုင်းက နယူးဒေလီရှိ ဗဟိုအစိုးရအဖွဲ့ ပြည်ပရေးရာဝန်ကြီးဌာနမှ ၀န်ကြီး Dr Subramamnya Jaishankar ကိုသွားရောက်တွေ့ဆုံကာ ကျန်ဖိုင်း နှင့် ကလေးမြို့ တာဟန်းအထိ (Bus) ကားလိုင်းပြေးဆွဲခိုင်းမည့်အစီစဉ်နှင့်ပတ်သက်၍ ပြောဆိုဆွေးနွေးခဲ့ကြသည်ဟု မီဇိုရမ်နေ့စဉ်ထုတ် Vanglaini သတင်းတွင်ဖော်ပြသည်။
“ချင်း(ဇိုး) မျိုးနွယ်စုတွေ ပေါင်းစည်းနိုင်ရေးနဲ့ အပြန်အလှန်ကူးလူးဆက်ဆံနိုင်ဖို့ ကျန်ဖိုင်းနဲ့တာဟန်းအထိ Bus ကားလိုင်း ပြေးဆွဲဖို့ကျနော်တို့ဆန္ဒရှိတယ်၊ အရင်အစိုးရသက်တမ်းက ပြည်ပရေးရာဝန်ကြီးကလည်း ဒီကိစ္စကို သဘောတူထားပြီးဖြစ်တယ်ဆိုတာကို ကျနော်တင်ပြခဲ့တယ်၊ ဒါပေမယ့် ဒီကိစ္စက ရှေ့ဆက်လုပ်ဆောင်ရမယ့်အရာတွေ များသေးတယ်၊ မြန်မာနိုင်ငံအစိုးရနဲ့ ဆွေးနွေးတိုင်ပင်ညှိနှိုင်းရမယ့်ကိစ္စဖြစ်နေတယ် မြန်မြန်ဆန်ဆန်လုပ်ဆောင်လို့ မလွယ်ကူတဲ့အကြောင်း အိန္ဒိယပြည်ပရေးရာဝန်ကြီးကပြောဆိုခဲ့တယ်’’ ဟု လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး TJ Lalnuntluanga ပြောသည်။ လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး TJ Lalnuntluanga သည် နယူးဒေလီရှိ မြန်မာသံအမတ်ကိုလည်းတွေ့ဆုံကာ မြန်မာနိုင်ငံအစိုးရအနေဖြင့် ယခုကိစ္စနှင့်ပတ်သက်၍ လုပ်ဆောင်စရာရှိသည်များကို အမြန်ဆုံးလုပ်ဆောင်ပေးရန် လိုအပ်ကြောင်းပြောဆိုပြီး မြန်မာသံအမတ်က ချက်ချင်းတင်ပြသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု ၀န်ကြီးက ပြောဆိုပါသည်။