(005MK)
မြန်မာနိုင်ငံမှ တရားမ၀င်သယ်ယူလာသော ကွမ်းသီးခြောက်အိတ် ၁၂၀၀ ကျော်ကို မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင်တွင် ဒေသတွင်းအာဏာပိုင်များက ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။
အိန္ဒိယ-မြန်မာနယ်စပ်မှတဆင့် မီဇိုရမ်ပြည်နယ်သို့ မြန်မာဘက်က ကွမ်းသီးခြောက်များတင်ဆောင်လာကြောင်း သတင်းရရှိထားချက်အရ အာသံရိုင်ဖယ်နှင့် အကောက်ခွန်ဌာနပူးပေါင်းအဖွဲ့က ယနေ့အောက်တိုဘာ ၉ ရက်နေ့တွင် ကျန်ဖိုင်းခရိုင် Chhungte နှင့် Zotlang ကျေးရွာကြားတွင် ကွမ်းသီးအိတ် ၉၇၁ အိတ်ဖမ်းဆီးခဲ့သည်ဟု ဒေသတွင်းသတင်းမှာဖော်ပြသည်။
ယမန်နေ့အောက်တိုဘာ ၈ ရက်နေ့ကလည်း Chhungte ကျေးရွာအနီးတွင် မြန်မာဘက်က သယ်လာသော ကွမ်းသီးခြောက် ၂၄၉ အိတ်ဖမ်းဆီးခဲ့သည်။
ကျန်ဖိုင်းခရိုင်တွင် ၂ ရက်တာအတွင်း မြန်မာနိုင်ငံမှ တင်သွင်းလာသော ကွမ်းသီးခြောက် စုစုပေါင်း ၁၂၂၀ အိတ်ဖမ်းဆီးခံ ရပြီး ကာလပေါက်စေ◌ျးအရ ရူပီးငွေ သိန်း ၆၀၀ ကျော်ခန့်တန်ဖိုးရှိသည်ဟု ဆိုသည်။
အလားတူ အောက်တိုဘာလ ၇ ရက်နေ့ကလည်း မီဇိုရမ်ပြည်နယ် ကော်လစစ်နှင့် ဘိုင်းရဘီး မြို့ကြားတွင် ကုန်တင်ကား ၃ စီးနှင့်တင်လာသော မြန်မာနိုင်ငံက ကွမ်းသီးခြောက် ၂၉၉ အိတ် (ရူပီးငွေ ၉၅ သိန်းကျော်) ကို ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။
မြန်မာနိုင်ငံမှ ၀◌င်ရောက်လာသော ကွမ်းသီးအခြောက်များသည် အမှတ် ၂ နယ်စပ်ကုန်သွယ်ရေးမှတဆင့် မီဇိုရမ် ပြည်နယ် ကို ဖြတ်သန်းကာ အိန္ဒိယပြည်မဘက်သို့ တင်ပို့လေ့ရှိကြသည်။ ယင်းကဲ့သို့ တင်ပို့ရာမှာ တရားမ၀င်လမ်းကြောင်းဖြင့် အစိုးရထံမှာလည်း အခွန်ပေးဆောင်ခြင်းမရှိသလို ကွမ်းသီးကြားထဲမှာ လက်နက်နှင့် တရားမ၀င်မှောင်ခိုပစ္စည်းများ တင်သွင်းလေ့ရှိသည်ဟု ဆိုကြသည်။
ထို့အပြင် မြန်မာနိုင်ငံမှ ကွမ်းသီးများအလုံးအရင်းဖြင့် နယ်စပ်မှတဆင့် ၀င်ရောက်လေ့ရှိသည့်အတွက် မီဇိုရမ်ပြည်နယ် အတွင်းရှိ ကွမ်းသီးစိုက်ပြည်သူများအတွက် နစ်နာမှုရှိသည်ဟု ဆိုကြသည်။
မီဇိုရမ်ပြည်နယ်သည် မြန်မာနိုင်ငံမှ ကွမ်းသီးခြောက်တင်ပို့မှုကို ကန့်သတ်ပိတ်ပင်ထားပြီး ယခုကဲ့သို့ တရားမ၀င် တင်သွင်း လာသော ကွမ်းသီးခြောက်များကို ဒေသခံ ကွမ်းသီးစိုက်ပြည်သူများကလည်း ဖမ်းဆီးရမိပါက ကွမ်းသီးခြောက်များကို မီးရှို့ဖျက်ဆီးလေ့ရှိသည်။