(06SV)
ချင်းပြည်နယ်၏ လက်ရှိ မိုးတွင်းကာလတွင် မြွေအရမ်းပေါနေပြီး တော်လှန်ရေးရဲဘော်တချို့ မြွေကိုက်ခံရပြီး မြွေဆိပ်ဖြေဆေး မရှိဘဲ တခြားဆေးဝါးများနှင့် ကုသနေရ၍ မြွေဆိပ်ဖြေဆေးများ လိုအပ်နေသည်ဟု ချင်းအမျိုးသားအဖွဲ့ချုပ်/ ချင်းအမျိုးသား ကာကွယ် ရေးတပ်ဖွဲ့ (CNO/CNDF) က ပြောသည်။
“မြွေဆိပ်ဖြေဆေးက ရှိကို မရှိတာဗျ။ ရှိတဲ့ ဆေးတွေနဲ့ပဲ ကုသတဲ့ပုံံစံမျိုးဖြစ်ပါတယ်။ အခုရာသီကလေ၊ မြွေအရမ်း ပေါ်တဲ့ ရာသီဆိုတော့ ဟိုတစ်ပတ်ကပဲ ကျနော်တို့ ရဲဘော်တစ်ယောက် မြွေပေါက်ခံရတယ်။ ဆေးမှီလိုက်လို့ အသက်အန္တရာယ်တော့ မစိုးရိမ်ရတော့ဘူးပေါ့နော်။ အဲဒါကြောင့် မြွေအရမ်းပေါ့တဲ့အတွက်ကြောင့် မြွေဆိပ်ဖြေဆေး ကို အလှူခံရခြင်းဖြစ်တယ်”ဟု ချင်းအမျိုးသားအဖွဲ့ချုပ်/ ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းကျုံးငိုင်းက ပြောသည်။
ဇူလိုင်လ ၁၇ ရက်က ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော် တစ်ဦးသည် စခန်းမှ အင်တာနက်လိုင်းမိသော နေရာတစ်ခုသို့ သွားရောက်၍ ဆက်သွယ်ပြောဆိုနေစဉ် မြွေစိမ်းမြီးခြောက်မှ ကိုက်သွားခြင်းဖြစ်ပြီး မြွေဆိပ်ဖြေဆေးမရှိဘဲ တခြားဆေးဝါးများဖြင့်သာ ကုသခဲ့ရသည်ဟု သိရသည်။
၎င်းရဲဘော်မှာ လက်ရှိတွင် သက်သာနေပြီးဖြစ်သော်လည်း ချင်ပြည်နယ်၏ လက်ရှိ မိုးရာသီမှာ အပူချိန် မြှင့်တက် နေသောကြောင့် တခြားလများထက် မြေပိုမို ထွက်တတ်၍ ရဲဘော်များ မြေကိုက်ခံရနိုင်သော အန္တရာယ် မြှင့်မားနေ သည်ဟု CNDF မှ တာဝန်ရှိသူက ရှင်းပြသည်။
“ကျနော်တို့ကို တတ်နိုင်သလောက် လှူပေးကြပါလို့၊ မလိုအပ်ပဲ ရဲဘော်တွေ အသက်ဆုံးရှုံးခြင်းမှ ကင်းလွတ်အောင်ပေါ့နော်။ မြွေဆိပ်ဖြေဆေးတွေ ကူညီကြပါလို့ ဒီကနေ တောင်းဆိုပါတယ်” ဟု သူက ပြောသည်။
ယမန်နှစ် ယခုရာသီတွင်လည်း CNDF မှ ရဲဘော်တစ်ဦးမှာ မြွေဟောက် ကိုက်ခံရပြီး မြွေဆိပ် ဖြေဆေး မရှိဘဲ တခြားဆေးဝါးများဖြင့်သာ ကုသနေရာမှ အခြေအနေဆိုးလာသောကြောင့် နီးစပ်ရာ ဆေးရုံးတစ်ခုသို့ အလျင်အမြန် တက်ရောက်ခဲ့ရပြီး အချိန်မီလေး ရောက်သွား၍ အသက်မဆုံးရှုံးခဲ့ဟု သိရသည်။
CNDF လှုပ်ရှားရာ စစ်ရေးနယ်မြေတွင် မြွေဟောက်၊ မြွေစိမ်းမြီးခြောက်၊ စပါးကျီး၊ စပါးအုံ စသဖြင့် မြွေအမျိုးမျိုးရှိနေသည်ဟု သိရသည်။
ဇူလိုင်လ ၁၉ ရက်က ချင်းအမျိုုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) မှ ရဲဘော် ဆလိုင်းထန်ဇဆဲလ် (ခ) ကာကာရှိ (၂၅) နှစ်သည် နှလုံးသွေးကြောပိတ်ရောဂါဖြင့် လဲကျသွားရာ အောက်ဆီဂျင်ဘူး မရှိသောကြောင့် ရဲဘော်တစ်ဦး ဆုံးရှုံးခဲ့ရသည်ဟု CNDF မှ တာဝန်ရှိသူက ပြောသည်။
“၁၉ ရက်က ဆုံးသွားတဲ့ တစ်ဦးဆိုရင် ရုတ်တရက်ကြီး နှလုံးရပ်ပြီး လဲသွားတဲ့အခါမှာ အောက်ဆီဂျင်ရှိရင် ကျနော်တို့ အသက်ကို ပြန်ဆယ်လို့ ရတဲ့ အနေအထားရှိတယ်။ ကျနော်တို့မှာ အောက်ဆီဂျင် မရှိတဲ့အခါမှာ အသက်ကို ကယ်လိုက်နိုင်တဲ့ အခြေအနေမှာ မကယ်လိုက်နိုင်တာလည်း ရှိတယ်ဗျ။ အောက်ဆီဂျင်တွေလည်း ရဲဘော်တွေအတွက် လိုအပ်နေပါတယ်” ဟု သူက ပြောသည်။
ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF) ကို စတင်ထူထောင်ချိန်မှ ၂၀၂၃ မေလအထိ တာဝန်ထမ်းဆောင်ရင် အသက်ပေးခဲ့သူ ရဲဘော် (၃၀) ကျော်ရှိသည်ဟု သိရသည်။