စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်တွင် ရွာလုံးကျွတ်နီးပါး မီးရှို့ခံခဲ့ရသည့် ထန်းတပင်ကျေးရွာက ဒေသခံများသည် ယနေ့ချိန်ထိ နေရပ်မပြန်နိုင်ကြသေးဘဲ အန္ဒိယ- မြန်မာနယ်စပ်ဘက်တွင် တဲထိုးနေထိုင်ကြရသည်ဟု ဒေသခံ များက ပြောသည်။
ထန်းတပင်ကျေးရွာခံ အမျိုးသမီးတစ်ဦးက “ပြန်မယ့်နေရာမှ မရှိတာ၊ အိမ်မှ မရှိကြတော့တာ၊ တဲထိုးပြီး နေကြတယ်။ သွပ်ပြားတွေ မီးလောင်တဲ့ မကောင်းတဲ့ဟာတွေလည်း သွားယူကြပြီး နယ်စပ်တွေမှာနေကြတာ၊ ရွာထဲဝင်ရင်လည်း ဘာမှနေလို့မရတာ ဘယ်မှာသွားနေမလဲ အိမ်တွေကနည်းနည်းပဲကျန်တာ” ဟု ပြောသည်။
လက်ရှိချိန်တွင်လည်း တမူးမြို့နယ်ဘက်တွင် စစ်ရေးအခြေအနေ မတည်ငြိမ်သေးတာကြောင့် ပြည်သူများ စိုးရိမ် ကြောက်ရွံပြီး နေရပ်ပြန်၍ နေအိမ်များ ပြုပြင်ခြင်းများ လုပ်ဆောင်ရန် ခက်ခဲနေသဖြင့် အိန္ဒိယ-မြန်မာ နယ်စပ်ဘက်တွင် အဆင်ပြေသလို နေထိုင်ကြရသည်ဟု ၎င်းက ဆက်ပြောသည်။
ရွာခံတချို့မှာလည်း တမူးမြို့ပေါ်နှင့် တခြားကျေးရွာရှိ ဆွေမျိုးများထံ ခိုလှုံနေကြရသည်ဟု သိရသည်။
ချင်းလူမျိုးအများစုနေထိုင်သည့် ထန်းတပင်ကျေးရွာသည် ကလေး-တမူး ကားလမ်းမပေါ်တွင်တည်ရှိပြီး ပြီးခဲ့သည့် ဒီဇင်ဘာလ ၃ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့များ ရောက်ရှိလာပြီး ပြည်သူအားလုံးကို ဘောလုံးကွင်းထဲသို့ ခေါ်ဆောင်ကာ နေအိမ်များကို မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ထန်းတပင်ကျေးရွာခံ ပြည်သူများသည် အဝတ်တထည်ကိုယ်တခုဖြင့် တမူးမြို့ပေါ်နှင့် နီးစပ်ရာ တောတောင်တွေထဲ ထွက်ပြေးခဲ့ကြရပြီး အဝတ်အထည်၊ တာလပတ်မိုးကာ၊ ဆန်၊ ဆီ၊ ဆား အပါအဝင် ဆေးဝါးများ အကူအညီ လိုအပ်နေသည်ဟု စစ်ရှောင်သူများထံမှ သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၃ ရက်နေ့နှင့် ၄ ရက်နေ့က အိမ်ခြေ ၃၀၀ ဝန်းကျင်ရှိသော ထန်းတပင်ကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ခဲ့တာကြောင့် ဘုရားကျောင်းအပါဝင် အိမ်ခြေ ၂၃၀ ခန့်မီးလောင်ပြာကျခဲ့သည်။