ချင်းပြည်နယ် ဟားခါးမြို့တွင် ယမန်နေ့မှစ၍ နိုင်ငံကူးလက်မှတ်များ ပြန်လည်လျှောက်နိုင်ပြီဖြစ်ကြောင်း သိရသည်။
ဟားခါးမြို့ နိုင်ငံကူးလက်မှတ်ထုတ်ပေးသည့် ရုံးတွင် လျှောက်ထားမည်ဆိုပါက တစ်ရက် ကြိုတင်လျှောက်လွှာယူရပြီး တစ်ရက်လျင် လူအယောက် တစ်ရာသာလက်ခံသည်ဟု နိုင်ငံကူးလက်မှတ်ပြုလုပ်သည့်ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“လျှောက်လွှာ တစ်ရက်ကြိုဝယ်ရတယ်၊ ဘာလို့လဲဆိုတော့ လူများလို့ နေ့လယ်တစ်နာရီဆို ပြည့်သွားပြီ ခုဆို မနက်ဖြန်အတွက်လည်း ကုန်သွားပြီ၊ တစ်ဖက်ခါအတွက်ပဲ စရောင်းတယ်” ဟု သူကပြောသည်။
ယနေ့ ပါစ်ပို့ရုံးစဖွင့်တဲ့နေ့မှာ လျှောက်ထားသူ ၄၀၀ ကျော်ရှိပြီး တစ်ရက်တွင် အယောက်တစ်ရာသာ လူဦးရေအကန့်အသတ်ဖြင့် လက်ခံသောကြောင့် အများအပြား လှည့်ပြန်ခဲ့ရသည်ဟု ဟားခါးမြို့ ဒေသခံတစ်ဦးပြောသည်။
ဟားခါးမြို့ ပါတ်စ်ပို့ရုံးတွင် နိုင်ငံသားအမှတ် ၄ မျဉ်းစောင်းကိုင်ဆောင်သူများသာမက စစ်ကိုင်းတိုင်း ကလေးမြို့နယ်၊ တမူးမြို့နယ်နှင့် ဂန်ဂေါမြို့နယ်မှ နိုင်ငံသားအမှတ် ၅ မျဉ်းစောင်း ကိုင်စောင်သူများအနေဖြင့်လည်း ပစ်မှုကင်းရှင်းကြောင်းနှင့် အမှန်တကယ်နေထိုင်သူဖြစ်ကြောင်း ထောက်ခံစာဖြင့် လာရောက်လျှောက်ထားနိုင်သည်ဟု ပါတ်စ်ပ်ု့ရုံးမှ ဆရာတစ်ဦးက ပြောသည်။
နိုင်ငံကူးလက်မှတ်လျှောက်ထားရာတွင် ယခင်ကကျပ်ငွေ ၄ သောင်းကုန်ကျသော်လည်း ယခုအခါ တစ်သောင်းတိုးမြင့်လိုက်ပြီး ကျပ် ၅ သောင်းကုန်ကျသည်ဟု သိရသည်။
အာဏာသိမ်းစစ်ကောင်စီသည် တနိုင်ငံလုံးရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးသည့်ရုံးများကို ဇန်နဝါရီလဆန်းပိုင်းက ပိတ်ပင်ခဲ့ပြီး ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကစ၍ ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် ပြည်တွင်းမှာ အလုပ်အကိုင်အခွင့်အလမ်း နည်းပါးလာပြီး စီးပွားရေးအခက်အခဲများ ကြုံတွေ့လာရသည့်အတွက် အိမ်နီးချင်းနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်သူနှင့် အိမ်နီးချင်းနိုင်ငံများတွင် ပညာဆက်လက်သင်ယူလိုသော ကျောင်းသားလူငယ်များ ပိုမိုများပြားလာနေသည်။