ချင်းပြည်နယ်၊ ဟားခါးမြို့နယ်တွင် မုန်တိုင်းဒါဏ်ကြောင့် အောက်တိုဘာ ၂၁ ရက်နေ့မှစပြီး နိုဝင်ဘာလ ၉ နေ့အထိ သုံးပါတ်ကြာ လျှပ်စစ်မီးပြတ်တောက်ခဲ့ရာမှ နိုဝင်ဘာ ၉ ရက်နေ့၊ ညနေ ၆ နာရီခွဲဝန်းကျင်၌ ဟားခါးမြို့ရပ်ကွက်တစ်ချို့တွင် ဓါတ်အားလိုင်း ပြန်လည်ရရှိပြီဖြစ်ကြောင်း သိရသည်။
ဟားခါးမြို့အနီး နေပီးကျေးရွားအနီးတဝိုက်နှင့် ကျောဘုတ်ရပ်ကွက်တွင် မုန်တိုင်းကြောင့် လျှပ်စစ်ဓါတ်တိုင်နှင့် ဝါယာကြိုးများ ပျက်ဆီးခဲ့သည့် နေရာသို့ လိုင်းထိန်းအဖွဲ့မှ နိုဝင်ဘာ ၄ ရက်နေ့မှစပြီး ယမန်နေ့ထိ တစ်ပါတ်ကြာအောင် သွားရောက်ပြုပြင်ခဲ့ခြင်းဖြစ်သည်။
အလားတူ ဖလမ်းမြို့နယ်တွင်လည်း လျှပ်စစ်မီး ပြန်လည်ရရှိနေပြီဟု သိရသည်။
ယမန်နေ့ညမှစပြီး လျှပ်စစ်မီး ဆက်တိုက်ရရှိနေပြီဖြစ်ပြီး အိမ်မှုကိစ္စနှင့် ချက်ပြုရာတွင်လည်း အဆင်ပြေနေပြီဟု ဒေသခံတစ်ဦးကပြောသည်။
“မီးပြန်လာတော့ တကယ် ပျော်တယ်၊အမှောင်မှာနေရတာ တကယ်ပင်ပန်းတယ်၊ အခု လျှပ်စစ်မီးနဲ့ ထမင်းပြန်ချက်နေပြီ။ မီးလာတော့ ညကြီးမှာတောင် အိမ်အလုပ်တွေလုပ်တာပေါ့နော်၊ အဝတ်လျှော်တယ်၊ မီးပူတိုက်ဘာညာနဲ့ အိုးခွက်ပန်း ကန်ကအစ ဆေးကြော သန့်ရှင်းရေးတေလုပ်တာပေါ့ ပျော်တယ်၊ အဲလိုလေး။ အခု အဲလိုမျိုး မီးမပျက်တော့ရင် ကောင်းမယ်” ဟု ဟားခါးမြို့ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ဟားခါးမြို့တွင် သုံးပါတ်အတွင်း လျှပ်စစ်မီးမရတာကြောင့် ဒေသခံပြည်သူများ နေထိုင်စားသောက်ရေးမှာ အခက်ကြုံနေကြရပြီး ထင်းနှင့် မီးသွေးဈေးနှုန်းများလည်း မြင့်တက်ခဲ့ရသည်။