(004SS)
ချင်းပြည်နယ်၊ ဟားခါးမြို့တွင် အွန်လိုင်းရက်ချိန်းစနစ်ဖြင့် နိုင်ငံကူးလက်မှတ် (passport) လျှောက်ထားနိုင်ပြီဟု သိရသည်။
နိုင်ငံတစ်ဝန်း တိုင်းဒေသကြီးနဲ့ ပြည်နယ်အားလုံးရှိ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးများ၌ မေလ ၂ ရက်နေ့မှစပြီး နိုင်ငံကူးလက်မှတ် (passport) အသစ်လျှောက်ခြင်း၊ သက်တမ်းတိုးခြင်း၊ ပျောက်ဆုံး/ ပျက်စီး စသည့် လုပ်ငန်းစဉ်များ ဆောင်ရွက်ရန် ကြိုတင်ရက်ချိန်းယူခြင်းအား လူကိုယ်တိုင်မလိုတော့ဘဲ အွန်လိုင်းမှ ကြိုတင်ရက်ချိန်း ရယူနိုင်ပြီဖြစ်ကြောင်း ဧပြီလ ၂၆ ရက်နေ့က မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့က ကြေညာခဲ့ခြင်းဖြစ်သည်။
ချင်းပြည်နယ် ဟားခါးမြို့တွင်လည်း Online Appointment System စနစ်ဖြင့် www.passport.gov.mm တွင် ကြိုတင်ရက်ချိန်းယူခြင်းအား မေလ ၁ ရက်နေ့မှစ၍ ကြိုတင်လျှောက်ထားနိုင်ပြီဟု ဟားခါးမြို့ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွင် ကြေညာထားကြောင်း သိရသည်။
“အခုက ဟားခါးမှာလဲ သူတို့စာကပ်ထားတယ် ရန်ကုန်လိုမျိုး အွန်လိုင်းကနေ ရက်ချိန်းယူပြီးမှ passport လျှောက်လို့ရမယ်၊ အဲမှာ သူတို့ချပေးတဲ့နေ့မှပဲ ရုံးသွားလျှောက်ထားလို့ရပြီ” ဟု ဟားခါးမြို့ နိုင်ငံကူးလက်မှတ်ပြုလုပ်ပေးသည့် ကိုယ်စားလှယ်တစ်ဦးကပြောသည်။
လက်ရှိ ဟားခါးမြို့ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွင် ကိုယ်တိုင်လျှောက်ထားပါက မြန်မာငွေ ကျပ် ၅၀၀၀၀ ပေးရပြီး ဖောင်ဖိုးအတွက်နှင့် သက်တမ်းတိုးသူများအတွက် နောက်ကျကြေး စသည့် အခွန်များအတွက် အသီးသီးကုန်ကျမည်ဖြစ်သည်။
Online Appointment System အား ရန်ကုန်မြို့ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွင် ၂၀၂၃ ခုနှစ် ဖေဖေါ်ဝါရီလ ၂၄ ရက်က စတင်ခဲ့ပြီး နေပြည်တော်၊ မန္တလေး၊ ပုသိမ်၊ ပဲခူးမြို့တို့တွင်မူ ၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီ ၂၆ ရက်မှ စတင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
လာမည့် မေလ ၂ ရက်နေ့ကစ၍ မြစ်ကြီးနား၊ မုံရွာ၊ လားရှိုး၊ တောင်ကြီး၊ ကျိုင်းတုံ၊ စစ်တွေ၊ ဟားခါး၊ ဘားအံ၊ မော်လမြိုင်၊ ထားဝယ်၊ မကွေးမြို့တို့တွင် Online Appointment System ကို စတင်ဆောင်ရွက်ကြမည်ဖြစ်သည်။
ချင်းပြည်နယ် ဟားခါးမြို့ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးခွဲတွင် ချင်းပြည်နယ်အတွင်းရှိ ၄/ အိမ်ထောင်စုစာရင်းဝင်များသာ လက်ခံဆောင်ရွက်ပေးသွားမည်ဟု သိရသည်။