(002MG)
ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဘွာန်လုံး (Buanlung) ကျေးရွာတွင် မိုင်းမတော်တဆမူပေါက်ကွဲမူဖြစ်ပွားကာ ကလေးငယ် (၂) ဦးသေဆုံးပြီး ကျန်ကလေးငယ် (၃) ဦးမှာ ပြင်းထန် ဒဏ်ရာရရှိခဲ့ကြကြောင်း သိရသည်။
အဆိုဖြစ်စဉ်သည် ယမန်နေ့ မတ်လ (၁၀) ရက်ညနေ ၄ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက် (၇) နှစ်အရွယ် မောင်ထဘိခ့်ထောင်းနှင့် အသက် (၁၃) နှစ်အရွယ် မောင်ဗန်ဗျက်ကျုံးတို့သေဆုံးကာ ကျန်ကလေးငယ်တွေမှာလည်း လက်မောင်း၊ ခြေထောက် တို့တွင် ဒဏ်ရာရရှိခဲ့ကြသည်ဟု သိရသည်။
ကျေးရွာဒေသခံတဦးက “CDF ဖက်က အလည်သွားရင်းနဲ့ မတော်တဆဖြစ်သွားတာ မနေ့က (၄) နာရီလောက်မှာ ကား ထဲမှာ ကလေး(၅) ယောက်က ဆော့နေတုန်း ဗုံးကွဲတာပေါ့၊အကြီးဆုံးက (၁၃) နှစ်အရွယ်သူက ဒီမနက်ဆုံး တာ၊ အားလုံး ပြောရင် ဒဏ်ရာတော့ ကြီးတာပေါ့ ဆေးရုံမှာ ကုသနေတုန်း” ဟု ပြောသည်။
မိုင်းမတော်တဆဖြစ်ပွားသည့်ကားမှာ ချင်းတော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် CDF-Senthang ၏ ကားဖြစ်ကြောင်း ဘွာန်လုံးကျေးရွာသို့သွားရောက်စဉ် ကလေးငယ်များကားပေါ်တက်ဆော့ကာ မတော်တဆပေါက်ကွဲမှုဖြစ်ပွားခြင်းဖြစ်သည်ဟု သိရသည်။
ယခုကိစ္စနှင့်ပတ်သက်၍ CDF-Senthang ကိုဆက်သွယ်မေးမြန်းခဲ့သော်လည်း တစ်စုံတစ်ရာ မှတ်ချက်ပြု ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပေ။
CDF-Senthang ထိန်းချုပ်နယ်မြေထဲရှိသည့် ဘွာန်လုံးကျေးရွာတွင် လွန်ခဲ့သည့် ၂၀၂၂ ခုနှစ်အောက်တိုဘာ ၁၉ ရက်နေ့ တုန်းကလည်း မိုင်းမတော်တဆပေါက်ကွဲမှုကြောင့် အသက် ၆ နှစ်အရွယ် ကလေးငယ် ၂ ယောက်သေဆုံးခဲ့ပြီးဖြစ်သည်။