ချင်းပြည်နယ် ဟားခါးမြို့ ဗုံးပေါက်ကွဲမှုဖြစ်ပြီးနောက် ဖမ်းဆီးခံရသည့် အယောက် (၆၁) ဦးထဲမှ (၂၈) ယောက်သည် မနေ့ည ၁၀ နာရီကျော်က ပြန်လွတ်လာကြောင်း ဟားခါးမြို့ ဒေသခံတစ်ဦးမှ သိရသည်။
“မနေ့ညက ၂၈ ယောက်လွှတ်တယ် ပြီးတော့ ကျန်နေသေးတာက (၃၃) ယောက်ကျန်သေးတယ် ညက ၁၀ ခွဲလောက်လွှတ်လာတယ် ဒီတိုင်းပဲမေးမြန်းပြီးလွှတ်တာပဲ မေးတာတွေတော့ သူတို့မေးတယ် မလွှတ်တဲ့သူတွေဘာကြောင့်မလွှတ်သေးတာလဲ အတိအကျမသိသေးဘူး လူငယ်ပိုင်းများတယ်မလွှတ်သေးတဲ့သူတွေထဲမှာ” ဟု ဟားခါးမြို့ဒေသခံတစ်ဦးကပြောသည်။
ယမန်နေ့ညပိုင်းပြန်လွှတ်လာသူ အများစုမှာ သက်ကြီးပိုင်း မိဘအရွယ်များဖြစ်ကြပြီး လူငယ်ပိုင်းအများစုကို စစ်ကောင်စီက ဆက်လက်ဖမ်းဆီးထားဆဲဟု သူကပြောသည်။
ဟားခါးမြို့တွင် ဇွန်လ ၅ ရက်နေ့ညနေပိုင်းက ဗုံးပေါက်မှု သုံးကြိမ် ဖြစ်ပွားခဲ့ပြီး မြို့သစ်ရပ်ကွက်ဘက် နေအိမ်တစ်အိမ် ဗုံးပေါက်ကွဲမှုတွင် CDF-Hakha မှ (၃) ဦး ကျဆုံးခဲ့သည်။