(002MG)
ချင်းပြည်နယ် ဟားခါးမြို့မှာ ကုန်တင်ကားများပုံမှန်ဝင်ရောက်နိုင်ခြင်းမရှိသည့်အတွက် အခြေခံစားကုန်များ ဈေးမြင့်တက်နေပြီး ဆန်တအိတ် ကျပ် ၂ သိန်းကျော်အထိ ဈေးတက်သွားသည်ဟု သိရသည်။
“ကုန်ဈေးနှုန်းကတော့ အကျပိုင်းတော့မရှိဘူး၊ အကုန်လုံးတက်နေတာပဲ။ အခု ဆန်က အများသုံးက ကာနန်ဧရာမင်းက တအိတ်ကို နှစ်သိန်း၊ တချို့တွေလည်း နှစ်သိန်းခွဲအဲ့လိုအမျိုးအစားပေါ်မူတည်တယ်။ လမ်းဖွင့်တဲ့ လမ်းတွေက ကားသေးတွေပဲ အများအားဖြင့်ထွက်တယ်။ ဆန်တွေက ကားကြီး တွေပဲတင်တာလေ အဲ့တာ ကြောင့် အဲလောက်ထိ ဈေးတက်တာ ပုံမှန်လမ်းအတိုင်း မမောင်းတော့ဘူးလေ ကားကြီးတွေက ပတ်ပြီးတော့ မောင်းရတာ ဆီဈေးတက်တာ၊ ပြီးရင် လမ်းတွေကလည်း အရင်က ဟားခါးနဲ့ ကလေးကို နေ့ချင်း ရောက်ရင်တောင် အခု နှစ်ည၊ သုံးည ကြာတဲ့သူတွေ လည်းရှိတယ် အဲဒါတောင် ပုံမှန်မဟုတ်တော့ဘူး ဖလမ်းမြို့ပေါ်မှာလဲ ပတ်ရသေးတယ်၊ ဟားခါးမြို့အဝင်မှာလဲ ပတ်ရသေးတာကိုး” ဟု ဟားခါးမြို့ပေါ်က ဒေသခံအမျိုးသားတစ်ဦးကပြောသည်။
ယခင်က တရက်ခရီးသာရှိသော ကလေး-ဟားခါး ကာလမ်းသည် ဖလမ်းမြို့တိုက်ပွဲကြောင့် ပုံမှန်ပြေးဆွဲ၍မရတော့ဘဲ ရှောင်ကွင်းလမ်းမှ ကွေ့ပတ်သွားနေရသည့်အတွက် လမ်းခရီးတွင် အချိန်ကြာမြင့်လေ့ရှိပြီး ဟားခါးမြို့ တွင် ကုန်တင် ကားမျာပုံမှန်ဝင်ရောက်နိုင်ခြင်းမရှိကြောင်း ဒေသခံကပြောသည်။
ထို့ကြောင့် ဆန်အပါအဝင် အခြားစားကုန်များလည်း ဈေးနှုန်းမြင့်တက်နေခြင်းဖြစ်သည်ဟု သိရသည်။
လက်ရှိ ဟားခါးမြို့ပေါ်တွင် ပေါ်ဆန်းမွှေးဆန် တအိတ်လျှင် နှစ်သိန်းငါးသောင်းကျပ်၊ လုံးသွယ်မွှေးဆန် တအိတ် လျှင် နှစ်သိန်း သုံးသောင်းကျပ်၊ ကာနန်ဧရာမင်းတအိတ်လျှင် ၂ သိန်းကျပ်၊ ARB ဆန်တအိတ်လျှင် တစ်သိန်းရှစ်သောင်းကျပ်၊ ပဲဆီ တပုံးလျှင် နှစ်သိန်း ငါး သောင်းကျပ်၊ နေကြာပုံးဝါ (၁၀) ပိဿာ တစ်ပုံးလျှင် နှစ်သိန်းသုံးသောင်းကျပ်၊ အားလူး တစ်ပိဿလျှင် ရှစ် ထောင်ကျပ်၊ ကြက်သွန်နီ တစ်ပိဿာလျှင် ခုနှစ်ထောင်ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာလျှင် နှစ်သောင်း သုံး ထောင်ကျပ်၊ ငရုတ် သီးစိမ်း နို့ဆီတစ်ဗူးလျှင် တစ်ထောင့်ငါးရာကျပ်၊ အမဲသားနှင့် ဝက်သား တစ်ပိဿာ လျှင် နှစ်သောင်း ကျပ်၊ ကော်ဖီမစ် တစ်ပါကင်လျှင် တစ်သောင်းရှစ်ထောင်ကျပ် တို့ဖြစ် ဝယ်ယူ သုံးစွဲနေကြရသည်ဟု သိရသည်။
“ကုန်ဈေးနှုန်းတက်တာကတော့ ဒီနှစ်ဆန်းပိုင်းကနေ ပိုပြီးတော့ ဈေးတက်သွားတာ အဲ့တာကြောင့် စိတ်ညစ် နေရတာ ဟားခါးမှာတောင်မှ နေလို့ရပါ့မလာမသိတော့ဘူး။ ဒီမှာပဲ ကုန်ဈေးနှုန်းတက်တာလားလို့ပဲ တွေး နေရတယ်။ ဒီမှာက အများအားဖြင့် ခက်ခဲရင်တောင်မှ ဆန်ကတော့အိတ်လိုက်ဝယ်ကြတယ်၊ ပိုက်ဆံမ လောက် ရင် အသိအချင်းချင်းဆိုရင် အကြွေးနဲ့ယူလို့တော့ရတယ်။ ဆန်ဈေးတွေတက်တာကတော့ ဖလမ်းလမ်း ပိတ်တဲ့ အချိန်တုန်းကစပြီးတော့ အခုလိုမျိုးတက်လာတာ” ဟု ဟားခါးမြို့က အိမ်ရှင်မ တဦးက ပြောသည်။
ဟားခါးမြို့တွင် စစ်ကောင်စီတပ်ဖွဲ့သည် မြို့အဝင် ခြောက်လမ်းစုံတွင် တပ်စွဲထားပြီး မြို့တွင်း ဆိုင်ကယ်လိုင်စင်အပါအဝင် လုံခြုံရေးကင်းလှည့်စစ်ဆေးမှုများရှိသည်ဟု သိရသည်။