(004SS)
ချင်းပြည်နယ် ဟားခါးမြို့ ရှိ စစ်ကောင်စီတပ်ဖွဲ့၏ ရုန်းတောင် ဗျူဟာတပ်ကုန်းကို ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြသည်ဟု သိရသည်။
ယမန်နေ့ ဧပြီလ ၁၅ ရက် ညနေပိုင်းအချိန်တွင် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များဖြစ်သည့် CDF-Hakha, CDF-Thantlang, CDF -Zophei နှင့် CDF-Lautu တို့မှ ဒရုန်းဖြင့် ဗုံး ၃ လုံးကြဲချခဲ့သည်ဟု CDF-Hakha ကထုတ်ပြန်သည်။
ထိုသို့ ဗုံးကြဲခံရမှုကြောင့် တပ်ကုန်းအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်မှုနှင့် သေဆုံးမှုများရှိကြောင်း သိရသော်လည်း အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ နောက်ထပ်အချက်အလက်များအား ထပ်မံထုတ်ပြန်သွားမည်ဟု CDF-Hakha က ဆိုသည်။
အဆိုပါဗုံးကြဲတိုက်ခိုက်မှုနှင့် ပါတ်သက်၍ အသေးစိတ်သိရှိနိုင်ရန် CDF-Hakha တာဝန်ရှိသူထံ တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍မရသေးပေ။
CDF-Hakha တပ်ဖွဲ့အနေဖြင့် ဟားခါးတစ်မြို့လုံး သိမ်းပိုက်နိုင်ရေးအတွက် ရုန်းတောင်စစ်ဆင်ရေးဖော်ဆောင်ကာ စစ်ကောင်စီတပ်ဖွဲ့များတပ်စွဲထားသော နေရာများကို တိုက်ခိုက်နေခြင်းဖြစ်သည်။
ဧပြီလ ၁၂ ရက်နေ့ကလည်း စစ်ကောင်စီလက်အောက်ခံ ဝန်ကြီးများလိုက်ပါလာသည့် ယာဉ်တန်းကို CDF-Hakha က ကြားဖြတ်တိုက်ခိုက်ခဲ့ပြီးနောက် ဟားခါးမြို့ပေါ်ရှိ ဝန်ကြီးများသည် ၎င်းတို့အိမ်ယာတွင်ပင် မလုံခြုံတော့ဘဲ ရုန်းတောင်ဗျူဟာတပ်ကုန်းသို့ ရွှေ့ပြောင်းခိုလုံနေကြရကြောင်း အမည်မဖော်လိုသူ သတင်းအရင်းအမြစ်ထံမှ သိရသည်။
“ဧပြီ ၁၂ ရက်နေ့က CDF က ဝန်ကြီးကားတွေကို ပစ်ခတ်ခဲ့တယ်၊ ဒါဏ်ရာရရှိတဲ့သူတွေလဲ ရှိခဲ့တယ်၊ အခုတော့ သူတို့ ပြန်သက်သာလာပြီလို့ကြားတယ်။ ပြီးတော့ အခြေအနေမကောင်းတော့ဘူးပေါ့၊ လုံခြုံရေးအရ ဝန်ကြီးတွေကို ရုန်းတောင်တပ်ကုန်းမှာ ခေါ်ထားတယ်လို့ သတင်းရတယ်” ဟု ၎င်းသတင်းအရင်းအမြစ်က ဆိုသည်။
ဖြစ်စဉ်မှာ ဧပြီလ ၁၂ ရက်နေ့ မနက်ရုံးချိန်၊ ရုံးတက်ရန်သွားနေသော လူမှုရေးဝန်ကြီး၊ စီးပွားရေးဝန်ကြီးနှင့် နယ်လုံဝန်ကြီးများအပါအဝင် လုံခြုံရေးတပ်ဖွဲ့များလိုက်ပါလာသော ယာဉ်တန်းအား ဟားခါး မြို့သစ်ရပ်ကွက်၊ ထန်တလန်လမ်းခွဲတွင် CDF-Hakha တပ်ဖွဲ့မှ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထိုသို့တိုက်ခိုက်ခံရမှုကြောင့် လူမှုရေးဝန်ကြီးနှင့် ၎င်း၏အမျိုးသမီး၊ စီးပွားရေးဝန်ကြီး အပါအဝင် ၆ ဦး ထိခိုက်ဒါဏ်ရာရရှိခဲ့သည်။
တချို့မှာ ဒါဏ်ရာမပြင်းထန်သော်လည်း လူမှုရေးဝန်ကြီးနှင့် ၎င်း၏အမျိုးသမီးအား ကျည်ထိမှန်မှုကြောင့် ပြင်းထန်ဒါဏ်ရာရရှိခဲ့ကာ ဟားခါးမြို့ ပြည်သူ့ဆေးရုံသို့ ဆေးကုသမှုခံယူခဲ့ကြပြီး ယခုတွင် ပြန်လည်သက်သာလာနေပြီဟု သိရသည်။
“အဲလိုတိုက်ခိုက်ခံရတော့ လူမှုရေးဝန်ကြီးနဲ့ သူ့ဇနီးသည်က တံေတာင်ဆစ်နဲ့ ဝမ်းဗိုက်ပိုင်းကို ထိတယ်၊ သူက ခါးမှာ ကျည်ထိလို့ကြားတယ်၊ ပြည်သူ့ဆေးရုံမှာ ကုသမှုခံယူတယ် အခုတော့ ပြန်သက်သာကြပြီလို့ သတင်းရထားတယ်” ဟု အမည်မဖော်လိုသူ သတင်းအရင်းအမြစ်က ပြောသည်။
ချင်းပြည်နယ်အတွင်း တိုက်ပွဲအောင်မြင်ရန်အတွက် စစ်ကောင်စီ၏ ရုန်းတောင်စခန်း သိမ်းပိုက်နိုင်ခြင်းသည် အရေးပါသောကြောင့် ပြည်တွင်း/ပြည်ပရောက် ချင်းပြည်သူများအနေဖြင့် တော်လှန်ရေးအဖွဲ့များနှင့်အတူလက်တွဲကာ ဆက်လက်ရပ်တည်ပေးရန်လည်း CDF-Hakha က တောင်းဆိုထားသည်။