(04SS)
ချင်းပြည်နယ် ဟားခါးမြို့ Agape ဆေးရုံးတွင် စစ်ကောင်စီကဖမ်းဆီးခေါ်ဆောင်ခဲ့သည့် ကျန်းမာရေးဝန်ထမ်း ဆရာဝန်တစ်ဦးနှင့် သူနာပြု ၄ ဦး ဇွန်လ ၇ ရက်နေ့ ညနေပိုင်းတွင် ပြန်လည်လွတ်မြောက်လာပြီဟု ဖမ်းဆီးခံရသူနှင့် နီးစပ်သူများထံမှ သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မေလ ၂၁ ရက်ည သန်းခေါင်ယံအချိန်တွင် ဟားခါးမြို့ ဈေးဟောင်းရပ်ကွက်ရှိ Agape ဆေးရုံကို စီးနင်းဝင်ရောက်ကာ ဆရာဝန် Sicilia, သူနာပြု Henny, Sianlun, Hniang Sung နှင့် J Mawi တို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။
စစ်ကောင်စီဖမ်းဆီးခေါ်ဆောင်ခဲ့သည့် ကျန်းမာရေးဝန်ထမ်း ၅ ဦးအနက် ဆရာဝန် Sicilia သည် တရားဝင် ဝန်ထမ်းခန့်အပ်သည့် ဝန်ထမ်းမဟုတ်သောကြောင့် ဖမ်းဆီးခံပြီးနောက် ၃ ရက်မြောက်နေ့တွင် အစောဆုံး ပြန်လည်လွတ်မြောက်လာပြီး သူနာပြုဆရာမ ၄ ဦးတို့မှာမူ ဇွန်လ ၇ ရက်နေ့ ညနေတွင် ပြန်လည်လွတ်မြောက်လာခြင်းဟု သိရသည်။
၎င်းတို့ ၅ ဦးအား ဟားခါးမြို့အချုပ်ခန်းတွင် ထိန်းသိမ်းခံခဲ့ရကြောင်း ၎င်းတို့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“ သူတို့ကို အချုပ်ခန်းထဲမှာ ထားတယ်ဆိုတော့ အခက်အခဲတေတော့ရှိမှာပေါ့နော်။ သူတို့ကို
ရိုက်နှက်တာ ကြမ်းကြမ်းတမ်းတမ်းပြောတာတော့ မရှိဘူး သူတို့မေးချင်တာတေ အများကြီးမေးတယ်တဲ့။ ပြီးတော့ ဆရာဝန်တစ်ဦးကိုတော့ ကျောင်းပြီးပြီ ဆမလဲရပြီ ဒါပေမဲ့ ဝန်ထမ်းမဖြစ်သေးလို့ ဆေးမကုနဲ့တော့ဆိုပြီး စောစောလွှတ်ပေးတယ်။သူနာပြုဆရာမတေကတော့ CDM မို့လို့ အမျိုးမျိုးမေးပြီးမှ လွှတ်ပေးလိုက်တာလို့ သိရတယ်” ဟု ၎င်းကပြောသည်။
လွန်ခဲ့သည့် ဧပြီလ ၂ ရက်နေ့ကလည်း Agape ဆေးရုံတွင် တာဝန်ထမ်းဆောင်နေသော ဒေသခံဆရာဝန် ၂ ဦးအပါအဝင် လူ ၃ ဦးကို စစ်ကောင်စီတပ်က ၎င်းတို့နေအိမ်တွင် ဝင်ရောက်ဖမ်းဆီးခဲ့ပြီး ဧပြီလလယ်ပိုင်းတွင် ဒေသကာကွယ်ရေးဘက်မှ ထိန်းသိမ်းထားသည့် ဌာနဆိုင်ရာအရာရှိများနှင့် လဲလှယ်ပြီး ပြန်လည်လွှတ်ပေးခဲ့သည်ဟု သိရသည်။
ထို့သို့ ဟားခါးမြို့ရှိ အရပ်ဘက်မှကိုယ်ထူကိုယ်ထဖြင့် ဖွင့်လှစ်ခဲ့သည့် Agape ဆေးရုံသည် စစ်ကောင်စီတပ်များ ဝင်ရောက်ပြီး ဝန်ထမ်းများကို ဖမ်းဆီးခြင်းများ ပြုလုပ်သောကြောင့် ဇွန်လ ၁ ရက်နေ့မှစတင်ကာ အတွင်းလူနာဆေးကုသမှုရပ်လိုက်ရကြောင်း ဟားခါး ဒေသခံများထံမှ သိရသည်။
ထို့နောက် Agape ဆေးရုံတွင် ပြင်ပလူနာများသာ ဆေးကုသပေးပြီး အပါတ်စဉ် တနင်္လာနေ့မှ သောက်ကြာနေ့တိုင်း နံနက်ပိုင်းတွင် ပြသနိုင်ကြောင်း သိရသည်။
Agape ဆေးရုံသည် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် လာရောက်ပြသသည့် လူနာပိုမိုများပြားလာခဲ့ခြင်းဖြစ်ပြီး အထွေထွေရောဂါကုသခြင်း၊ ခွဲစိတ်ကုသခြင်း၊ မီးဖွားခြင်းနှင့် မီးယပ်ကုသမှုများ ရရှိနိုင်သော်လည်း စစ်ကောင်စီတပ်များမှ လုပ်အားပေး ဆရာဝန်၊ ဆရာမများ ဖမ်းဆီးခြင်းတွေရှိခဲ့သောကြောင့် ယခု လတ်တလောတွင် အထွေထွေရောဂါများသာ ကုသပေးနေကြောင်း သိရသည်။