(006SV)
ချင်းပြည်နယ်က (၆) မြို့နယ်မှာ မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကားမှုများ ကျယ်ကျယ်ပြန့်ပြန့်ရှိနေပြီး အိန္ဒိယ-မြန်မာ နယ်စပ်တလျောက်က မူးယစ်ဆေးဝါးရောင်းဝယ်မှုများကို အိန္ဒိယအာဏာပိုင်များဖြင့် ပူးပေါင်းနှိမ်နှင်းတော့မည်ဖြစ်ကြောင်း ချင်းလဲန်းကောင်စီ အတွင်းရေးမှူးက ပြောသည်။
အိန္ဒိယ- မြန်မာနယ်စပ်တလျှောက်နှင့် ချင်းပြည်အတွင်းရှိ တွန်းဇံ၊ တီးတိန်၊ ထန်တလန်၊ ပလက်ဝ၊ ဖလမ်းနှင့် ရိခေါဒါရ် မြို့နယ်များတွင် တရားမဝင် မူးယစ်ဆေးဝါး ရောင်းဝယ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ စိုက်ပျိုးခြင်းများ ကျယ်ပြန့်လာနေသောကြောင့် ယင်းတို့ကို အရေးယူဆောင်ရွက်နိုင်ရေး ဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်ကြောင်း ချင်းလဲန်းကောင်စီ၊ အတွင်းရေးမှူး ဆလိုင်းပေါလ်က ပြောသည်။
“အခု လက်ရှိ အဓိက ရောင်းဝယ်ဖောက်ကားနေတဲ့ ချင်းပြည်က တီးတိန်၊ တွန်းဇံ၊ ပြီးတော့ ထန်တလန်- ပလက်ဝအစပ်ပေါ့နော်၊ အဲဒီဖက်တွေ တော်တော်လေး ရောင်းဝယ်ဖောက်ကားတာတွေ တွေ့ရတယ်။ ရိခေါဒါရ်နဲ့ ဖလမ်းနယ်စပ်တလျှောက်တွေမှာလည်း တွေ့ရတာဖြစ်တယ်။ အဲဒီအပေါ်မှာ ကျနော်တို့ဘက်က သေသေချာချာ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်နိုင်ဖို့ ဆုံးဖြတ်ချက် ချတာဖြစ်တယ်” ဟု ဆလိုင်းပေါလ်က ပြောသည်။
ချင်းပြည်အတွင်းနှင့် နယ်စပ်တလျောက်က မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုများကို ချင်းလန်းအစိုးရအဖွဲ့က တရားဥပဒေ နှင့်အညီ ထိန်းချုပ်ဆောင်ရွက်မှာ ဖြစ်သကဲ့သို့ အိန္ဒိယ၊ မီဇိုရမ်ပြည်နယ် ဘက်ခြမ်းမှ တာဝန်ရှိသူများ၊ အဖွဲ့အစည်းများနှင့်လည်း လက်တွဲပူးပေါင်းသွားမည်ဖြစ်ကြောင်း သိရသည်။
မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကဏ္ဍအပြင် တခြားကဏ္ဍများမှာလည်း ပူးပေါင်းဆောင်ရွက်သွားမည့် အစီအစဉ်များ ရှိထားကြောင်း ၎င်းက ပြောသည်။
ချင်းလဲန်းကောင်စီနှင့် ချင်းပြည်အစိုးရအဖွဲ့က မူးယစ်ဆေးဝါးကိစ္စကို တင်းတင်းကြပ်ကြပ် ကိုင်တွယ်လာရမှုသည် မီဇိုရမ်က မြန်မာ စစ်ဘေးရှောင်များကို ခုတုံလုပ်၍ မူးယစ်မှောင်ခိုသမားများက လုပ်ကိုင်နေသောကြောင့် စစ်ဘေးရှောင်များအပေါ် တစုံတရာ ဒုက္ခ မရောက်စေရန် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။
“အရေးယူဆောင်ရွက်တဲ့ နေရာမှာ ကျနော်တို့ရဲ့ လုပ်ထုံးလုပ်နည်း၊ နည်းဥပဒေနဲ့အတူ တရားမဝင် ရောင်းဝယ်ဖောက်ကားတဲ့ မည်သည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းကိုမဆို ချင်းလဲန်းကောင်စီ၊ ချင်းလဲန်း အစိုးရအဖွဲ့နဲ့ သက်ဆိုင်ရာမဏ္ဍိုင်ကနေ ထိထိရောက် ရောက် အရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု ချင်းလဲန်းကောင်စီ အတွင်းရေးမှူးက ပြောသည်။
ချင်းပြည်ကောင်စီ၏ ထိန်းချုပ်နယ်မြေများနှင့် အိန္ဒိယနယ်စပ် တလျှောက် မူးယစ်ဆေးဝါးရောင်းဝယ်မှုများကို ချင်းပြည်အစိုးရ အဖွဲ့၊ ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့များမှ တားဆီးနှိမ်နှင်းရေးကို အလေးထား ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ချင်းလဲန်းကောင်စီက မတ်လ ၁၈ ရက်က ထုတ်ပြန်ထားသည်။
ထို့အတူ စိုက်ပျိုးသူများ၊ မူးယစ်ဆေးဝါး လက်ဝယ်ထားရှိသူများအား စုံစမ်းဖော်ထုတ်၍ အရေးယူဆောင်မှုများ စတင်တော့မည်ဖြစ် ကြောင်း ထုတ်ပြန်သည်။