ချင်းတော်လှန်ရေးနေ့မှာ အကျဉ်းသား ၇၀ ကျော်ကို လွတ်ငြိမ်းခွင့်ပေး
(006SV)
ချင်းအမျိုးသားတပ်မတော်နှင့် ဒေသန္တာရကာကွယ်ရေးတပ်ဖွဲ့တို့က ၂၀၂၅ ခုနှစ် ၂ လတာအတွင်း စစ်ကောင်စီစခန်းတချို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ခန့် သေဆုံးပြီး စစ်သုံ့ပန်း ၂၀ ဦးကို ဖမ်းဆီးရမိသည်ဟု ချင်းအမျိုးသားတပ်ဦး CNF ကပြောသည်။
မတ် ၂၀ ရက်တွင် ကျရောက်မည့် ၃၇ နှစ်ပြည့် ချင်းတော်လှန်ရေးနေ့ ထုတ်ပြန်ကြေညာချက်တွင် ၂၀၂၅ ခုနှစ်အတွင်း စစ်ရေးအောင်မှုများကို ချင်းအမျိုးသားတပ်ဦး CNF က အသိပေးလာခြင်းဖြစ်သည်။
စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်း ၈၀ ခန့်ကိုလည်း သိမ်းဆည်းနိုင်ခဲ့သည်ဟု ချင်းအမျိုးသားတပ်ဦး၏ မတ်လ ၁၈ ရက်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၃၇ နှစ်ပြည့် ချင်းတော်လှန်ရေးနေ့တွင် အကျဉ်းသား ၇၂ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်သည်ဟု သိရသည်။
လွတ်ငြိမ်းခွင့် ရရှိသူ ၇၀ ကျော်နှင့် ပတ်သက်၍ အသေးစိတ်သိရှိနိုင်ရန် ဆက်သွယ်သော်လည်း မရသေးပါ။
၂၀၂၅ ခုနှစ်အတွင်း နိုင်ငံရေး၊ စစ်ရေး၊ သံရေးတမန်ရေး လှုပ်ရှားမှုအရှိန်ကို တိုးမြှင့်ဆောင်ရွက်သွားမည်ဟု ချင်းအမျိုးသားတပ်ဦးက ထုတ်ပြန်သည်။
ချင်းပြည်အတွင်း စစ်ကောင်စီကင်းစင်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဩဇာအာဏာ သက်ရောက်မှု မှန်သမျှ အဆုံးသတ်ရေး၊ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ညီနောင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် လက်တွဲပြီး အဆုံးတိုင် တိုက်ပွဲဝင်သွားမည်ဟု CNF ကပြောသည်။
အာဏာသိမ်းစစ်အုပ်စု၏ အကြမ်းဖက်မှုကြောင့် ပြည်သူများ ဆုံးရှုံးခဲ့ရသော လူမှုဘဝပြန်လည် ထူထောင်ရေးအတွက် နိုင်ငံတကာအစိုးရ၊ အဖွဲ့အစည်းများ၊ စေတနာရှင်များမှ ပံ့ပိုးကူညီကြပါရန် ချင်းအမျိုးသားတပ်ဦးက တိုက်တွန်းနှိုးဆော်ထားသည်။
၂၀၂၅ မတ်လ ၂၀ ရက်သည် အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့်နှင့် အမျိုးသားတန်းတူရေး အာမခံချက်ရှိသော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် လက်နက်ကိုင်တိုက်ပွဲဝင်လာခဲ့သည့် ၃၇ နှစ်ပြည့် ချင်းတော်လှန်ရေးနေ့ ဖြစ်သည်ဟု သိရသည်။
တော်လှန်ရေးတွင် အသက်ပေးလှူသွားကြသော အာဇာနည်းများကို ဦးညွတ် ဂါရဝပြုပြီး ကိုယ်အင်္ဂါအစိတ်အပိုင်း ပေးလှူသွားကြသော သူရဲကောင်းများ၊ စွန့်လွှတ်ပေးဆပ် အနစ်နာခံသော ပြည်သူများကို လေးစားဂုဏ်ပြုသည်ဟု ချင်းအမျိုးသားတပ်ဦးက ထုတ်ပြန်သည်။