By လားနွန် – (၇၁) နှစ်မြောက် ချင်းအမျိုးသားနေ့ကို ချင်းလူမျိုးအများစုနေထိုင်သည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ အ.ထ.က (၂) အားကစားကွင်းတွင် စည်ကားသိုက်မြိုက်စွာဖြင့် (၂) ရက်တာကျင်းပပြုလုပ်သွားမည်ဟု သိရသည်။
ဖေဖော်ဝါရီလ (၂၀) ရက်နေ့တွင်ကျရောက်မည့် ချင်းအမျိုးသားနေ့ကျင်းပနိုင်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကျပ်ငွေ သိန်းတစ်ရာထောက်ပံ့ပေးထားသည်ဟု စစ်ကိုင်းတိုင်း ချင်းရေးရာဝန်ကြီး ဦးလာလ်ထောင်းထန်ကပြောသည်။
“ကျွန်တော်တို့ ချင်းလူမျိုးမှာက ချင်းမျိုးနွယ်စုက (၅၃) မျိုးရှိတယ်၊ ရှိတဲ့အခါကျတော့ မျိုးနွယ်စုစကားမတူညီမှုလေးတွေရှိတယ်၊ စကားမတူတဲ့ဟာတွေ ချင်းတော့ချင်းပဲ ဒါပေမဲ့ ကျန်တဲ့အချိန်မှာ ကောက်သစ်စားပွဲတို့ဆိုရင် ကိုယ့်အမျိုးနွယ်စုလိုက်ကျင်းပကျတယ်ပေါ့နော်၊ ချင်းအမျိုးသားနေ့မှာကျတော့ ချင်းလူမျိုးအားလုံးပူးပေါင်းပြီးတော့ လုပ်လို့ရတယ် အဲဒါကြောင့် ချင်းလူမျိုးအားလုံး ပေါင်းစည်းဖို့ တစ်ယောက် နဲ့ တစ်ယောက် ရင်းရင်းနှီးနှီး ချစ်ချစ်ခင်ခင်ရှိနိုင်တယ် ကိုယ့်ဆွေမျိုးသားခြင်းဖြစ်တယ် ဒီလိုပူးပေါင်းကျင်းပခြင်းအားဖြင့် တစ်ယောက်နဲ့တစ်ယောက်ခင်မင်ရင်းနှီးမှုတွေရှိလာမယ် စည်းလုံးမှုတွေရှိလာမယ် ” ဟု ချင်းရေးရာဝန်ကြီးကပြောသည်။
ယခုနှစ်ကျင်းပမည့် ချင်းအမျိုးသားနေ့အခမ်းအနားတွင် အထူးဧည့်သည်တော်ကြီးအဖြစ် ပြည်ထောင်စုတိုင်းရင်းသားရေးရာဝန်ကြီး နိုင်သက်လွင်ကို ဖိတ်ကြားထားသည်ဟုလည်း သိရသည်။
(၇၁) နှစ်မြောက် ချင်းအမျိုးသားနေ့ကို ချင်းပြည်နယ်၏ မြို့တော် ဟားခါးတွင် ပြည်နယ်အဆင့်အနေဖြင့် ကျင်းပကြမည်ဖြစ်ပြီး နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကိုယ်တိုင် တက်ရောက်လာမည်ဟုသိရသည်။