(006SV)
ချင်းတောင်- မကွေးအစပ်၊ ကျင်ဒွေးမြို့အနီး မဆာတွီရွာဝန်းကျင်တွင် အာဏာသိမ်းစစ်တပ်နှင့် ချင်းပူးပေါင်းတပ် တို့ကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ရာ စစ်တပ်ဘက်က ၃၀ ဦးခန့် သေဆုံးပြီး စစ်သုံ့ပန်း ၂၀ ကျော်ကိုလည်း တော်လှန်ရေး ပူးပေါင်းတပ် များက ဖမ်းဆီးရမိကြောင်း စစ်ရေးသတင်းရင်းမြစ်တချို့ထံမှ သိရသည်။
ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့နှင့် မဆာတွီရွာဘက်သို့ ယောဒေသ၊ လောင်ရှည်မြို့မှတဆင့် အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသော စစ်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့သည် စက်တင်ဘာလ ၂၅ ရက်မှစတင်၍ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်းသိရသည်။
လက်ရှိမှာလည်း ကျင်ဒွေးမြို့နှင့် မဆွာတွီရွာ ဝန်းကျင်တွင် တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်ကြောင်း CPU/ CPA မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုပြီး အသေးစိတ်အခြေအနေကို ဖြေကြားခြင်း မရှိပေ။
တိုက်ပွဲများ ရက်ဆက် ဖြစ်ပွားနေခဲ့ရာ စက်တင်ဘာလ ၂၇ ရက်က မဆာတွီရွာတိုက်ပွဲတွင် ပဲခူးမြို့အခြေစိုက် တပ်မ ၇၇ လက်အောက်ခံ စစ်ကြောင်းများသည် အထိနာခဲ့ပြီး အယောက် ၃၀ ခန့် သေဆုံးကာ တပ်ကြပ်ကြီး ရဲဝင်းထွန်း ဦးဆောင်သော အင်အား ၂၀ ကျော် ပါသည့် တပ်စု ၁ စုကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။
လက်ရှိမှာ မဆာတွီရွာကို ခြေကုတ်ယူထားနိုင်သော တပ်မ ၇၇ စစ်ကြောင်းများသည် ၎င်းရွာတွင် လက်နက်ကြီးစခန်းတစ်ကို တည်ဆောက်နေတယ်လို့ စစ်ရေးလေ့လာသုံးသပ်သူ CDM ဗိုလ်ကြီး ဇင်ယော်က ပြောသည်။
“နောက်ဆုံး အခြေအနေက မဆာတွီကျေးရွာကို လုံးဝခြေကုတ် ယူလိုက်နိုင်တဲ့ အနေအထားမျိုး တွေ့ရတယ်။ ၁၂၂ ဒါမှမဟုတ် ၁၅၅ ဟောင်ဝှစ်ဇာအမြှောက် ဆင်မယ့် အနေအထားမျိုးပဲ၊၊ ဒါပေမယ့် မဆာတွီတိုက်ပွဲမှာ စကစဘက်က သေဆုံးတာ၊ ပြီးရင် အလင်းဝင်တာလည်း လူတော်တော်များတယ်။ လက်နက်ငယ် ၁၀ လက်လောက်လည်း CPU/ CPA နဲ့ AA တို့က သိမ်းထားတဲ့ ဓါတ်ပုံတွေ ထွက်လာသလို၊ စစ်သုံ့ပန်း ထဲမှာ တပ်ကြပ်ကြီး ရဲဝင်းထွန်းလာ မသိဘူး။ သူတို့ရဲ့ ရုပ်သံဖိုင်တချို့ကိုတော့ တွေ့လိုက်တယ်။ မဆာတွီမှာ ခြေကုတ်ယူပြီးတော့ မောချောင်းတို့၊ ဖျံချောင်းတို့ကိုတောင် စပြီး စစ်ကြောင်း လက်တံငယ်လေးတွေ ဖြန့်နေတဲ့ အနေအထားမျိုးလည်း တွေ့ရတယ်” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ပြောသည်။
တိုက်ပွဲများအတွင်း စစ်တပ်မှ ထိခိုက်ဒဏ်ရာ ရရှိသူ အများအပြားရှိခဲ့ပြီး ၎င်းတို့ကို မဆာတွီ- ဆွဲလွဲကျင်း – လောင်းရှည်လမ်းပိုင်း အတိုင်း ညဘက်တွင် ကားများဖြင့် သယ်ယူပြီး လောင်းရှည်မြို့ ပြည်သူ့ဆေးရုံးသို့ ပို့ဆောင်ကုသနေသည်ဟု ယောဒေသသတင်း များကို ဖော်ပြနေသော ယောအလင်းတန်းကလည်း ရေးသားသည်။
ကျင်ဒွေးသို့ ဦးတည်နေသော တပ်မ ၇၇ စစ်ကြောင်းသည် အထိနာပြီး တပ်လန်ထွက်ပြေးမှု ရှိနေသည့်အတွက် တော်လှန်ရေးပူး ပေါင်းတပ်က လိုက်လံတိုက်ခိုက်နေကြောင်း၊ စစ်တပ်သည် မဆာတွီ၊ ဆွဲလွဲကျင်း၊ အင်ဘူး၊ ပါးချောင်း၊ ပိန်းချောင်း၊ ယမ်း၊ ကြိမ်ကြီး စသည့် ကျေးရွာများတွင်လည်း နေရာယူတပ်စွဲထားကြောင်း သိရသည်။
မင်းတပ်နှင့် ကန်ပက်လက်ကို အင်အားထောင်ချီဖြင့် ထိုးစစ်ဆင်နေသော စစ်တပ်သည် စက်တင်ဘာလအတွင်း အင်အား တစ်ထောင်ခန့် ထပ်မံဖြည့်တင်းကာ အင်အား ၅၀၀ ကျော် အသုံးပြု၍ စစ်ကြောင်းများ ဖြန့်ခွဲရင်း ဆွဲလွဲကျင်း- မဆာတွီရွာမှ တဆင့် ကျင်ဒွေးမြို့ဘက်သို့ ထိုးစစ်ဆင်လာခြင်းဖြစ်ကြောင်း ဒေသတွင်း သတင်းရင်းမြစ်နှင့် စစ်ရေးသတင်းရင်းမြစ်တချို့ထံမှ သိရသည်။
စစ်တပ်စစ်ကြောင်းများကို CPU/ CPA ၊ ချင်းညီနောင်၊ ယောကာကွယ်ရေးတပ်ဖွဲ့များ၊ အာရက္ခတပ်တော် (ULA/ AA) နှင့် အခြားတော်လှန်ရေးတပ်ဖွဲ့များက ပူးပေါင်းတွန်းလှန် တိုက်ခိုက်နေကြောင်း သိရသည်။
ကျင်ဒွေး- လောင်းရှည်လမ်းမပေါ်ရှိ မဆာတွီရွာသည် ကျင်ဒွေးမြို့နှင့် ၁၂ မိုင်ခန့်၊ ကန်ပက်လက်မြို့နှင့် ၁၃ မိုင်ခန့် ကွာဝေးကြောင်း သိရသည်။
