မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ်လက်နက်ပစ္စည်းများအန္တရာယ် သိကောင်းစရာ
မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေဟာ ပုံစံအမျိုးမျိုးနဲ့ ရှိနေနိုင်တာကို သိရပါမယ်။ စစ်မြေပြင်ဟောင်းတွေ၊ စွန့်ပစ်ထားတဲ့ အသုံးအဆောင်တွေနဲ့ မသင်္ကာစရာ ဝါယာကြိုးရှိနေတဲ့ ပစ္စည်းမှန်သမျှကို “ပေါက်ကွဲစေတတ်တဲ့ပစ္စည်း” လို့ အမြဲတမ်း ကြိုတင်သတ်မှတ် (Assume) ထားဖို့ ဖြစ်ပါတယ်။
မြေမြှုပ်မိုင်းများ
မြေမြှုပ်မိုင်းဆိုတာ လူ၊ တိရိစ္ဆာန်၊ ယာဉ်၊ အရာဝတ္ထု စသဖြင့် တစ်ခုခုက ထိမိတာ၊ ဖိမိတာ၊ အနားကပ်လာတာတွေကြောင့် ပေါက်ကွဲစေဖို့ ထုတ်လုပ်ထားတဲ့ လက်နက်ခဲယမ်းတွေဖြစ်ပါတယ်။
မြေမြှုပ်မိုင်းအမျိုးအစားတွေကို အခုလို အကြမ်းအားဖြင့် ခွဲခြားနိုင်ပါတယ်။
● လူသတ် နင်းမိုင်း
● လူသတ် ဖြာထွက်/ အစအန
● လူသတ် ခုန်ပျံ/ ကြွမိုင်း
● လူသတ် ရှေ့ထွက်/ ဦးတည်မိုင်း
● ယာဉ်/တင့်ကား ဖျက်မိုင်း
● ထောင်ချောက်များ
စတာတွေဖြစ်ပါတယ်။
ပေါက်ကွဲစေတတ်သည့် စစ်ပွဲကြွင်းကျန်ပစ္စည်းများ (ERW)
ပေါက်ကွဲစေတတ်တဲ့ စစ်ပွဲအကြွင်းအကျန်ပစ္စည်းဆိုတာကတော့ ပဋိပက္ခတွေ၊ တိုက်ပွဲတွေ ပြီးသွားတဲ့အခါမှာတောင် အန္တရာယ်ဆက်ရှိနေတဲ့ ပစ္စည်းတွေဖြစ်ပါတယ်။ ပစ်ခတ်ပြီးမှာ အကြောင်းအမျိုးမျိုးကြောင့် ပေါက်ကွဲမှုမဖြစ်ပဲ ကျန်ခဲ့တာ၊ အသုံးမပြုရသေးတာ၊ ချန်ထားခဲ့တာ၊ စွန့်ပစ်ခဲ့တာ စသဖြင့် ဖြစ်နိုင်ပါတယ်။
အဲဒီအထဲမှာ ဘာတွေပါနိုင်သလဲဆိုရင် –
● မော်တာများ (စိန်ပြောင်းများ)
● ရော့ကက်များ
● ဗုံးများ (လက်ပစ်/စွပ်ဗုံး/..)
● လေယာဉ်ပစ်ဗုံးများ
● ထပ်ဆင့်ပေါက်ကွဲပစ္စည်းများ
● အမြောက်ကျည်များ၊ ကျည်ဆံများ
စတာတွေ ပါဝင်နိုင်ပါတယ်။
လက်လုပ်ပေါက်ကွဲစေတတ်သော ပစ္စည်းများ (IED)
လက်လုပ်ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေကတော့ အိမ်လုပ်/ ပြည်တွင်းလုပ် ဖောက်ခွဲရေးပစ္စည်းတွေ ဖြစ်ပါတယ်။ အဲဒီအရာတွေက ကျွန်တော်တို့ကို အပြင်းအထန် ထိခိုက်ဒဏ်ရာရပြီး အသက်သေဆုံးနိုင်တဲ့အထိ အန္တရာယ်ရှိပါတယ်။
● အသုံးအများဆုံး လက်လုပ်ပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေမှာ အများအားဖြင့် မြင်နိုင်တဲ့ လျှပ်စစ်ဝါယာကြိုးတွေ ရှိနေတတ်ပါတယ်။ ဒါမှမဟုတ် လျှပ်စစ်ဝါယာကြိုးတွေနဲ့ ဆက်သွယ်ထားတာကို တွေ့ရလေ့ရှိပါတယ်။
● လက်လုပ်ပေါက်ကွဲစေတတ်သောပစ္စည်းတွေထဲမှာ ထောက်ချောက်တွေလည်းပါဝင်ပါတယ်။
● နောက်ဆုံးသတိချပ်ရမယ့် အချက်တစ်ခုကတော့ စွန့်ပစ်ထားတဲ့ယာဉ်တွေ၊ လက်နက်ကိုင်အဖွဲ့ အသုံးအဆောင်ပစ္စည်းတွေနဲ့ စစ်မြေပြင်မှာ ကျန်ရစ်ခဲ့တဲ့ လက်နက်အားလုံးကို လက်လုပ်ပေါက်ကွဲစေတတ်သောပစ္စည်းလို့ သံသယရှိသင့်ပါတယ်။
#PSA #publicserviceannouncement

