(006SV)
မလေးရှားနိုင်ငံအတွင်း ရောက်ရှိနေသော ရွှေ့ပြောင်းဒုက္ခသည်များအတွက် UNHCR လူသစ်မှတ်ပုံတင်ခြင်းနှင့် ပတ်သက်ပြီး ဖုန်းခေါ်ဆို၍ ရက်ချိန်းတောင်းခံခြင်းများကို ယနေ့မှ စတင်၍ ၆ လကြာအထိ ယာယီရပ်နားထား မည်ဖြစ်ကြောင်း သိရသည်။
UNHCR လူသစ်မှတ်ပုံတင်ခြင်းနှင့်ပတ်သက်၍ လူသစ်မှတ်ပုံတင်ရန် Hotline (017 614 3810) သို့ ဖုန်းခေါ်ဆိုပြီး ရက်ချိန်းတောင်းခံခြင်းများကို ယနေ့ အောက်တိုဘာလ ၇ ရက်မှ စတင်ကာ ၆ လကြာအထိ ယာယီရပ်နားထားမည် ဖြစ်ကြောင်း ယနေ့ အစည်းအဝေးတွင် UNHCR မှ တရားဝင်အသိပေးထားကြောင်း Alliance of Chin Refugees (ACR) က ယနေ့ စက်တင်ဘာလ ၇ ရက်မှာ ထုတ်ပြန်သည်။
“သူတို့ပြောတာက အရင်က ဖုန်းခေါ်ထားတဲ့ လူဦးရေက တအားများတယ်၊၊ နှစ်ရှည်ကျပြီးသား လူတွေကလည်း တအား များလာတဲ့အခါမှာ ၊ အဖွဲ့အစည်းရုံးတွေကလည်း စာရင်းတွေ လွှဲထားတဲ့ လူတွေ ရှိတယ်ပေါ့နော်။ ဒါတွေကို ကိုင်တွယ်နိုင်ဖို့ ၊ ဖြေရှင်းဖို့အတွက် အချိန်အနည်းငယ် လိုအပ်တယ်ဆိုပြီး သူတို့က ပြောထားတာ ရှိတယ်။ နာမည် စာရင်းတွေနဲ့ ပတ်သက်ပြီး လတ်တလော တအားများနေတယ်ပေါ့နော်။ အဲဒါကို ဒီခြောက်လအတွင်းမှာ အပြီးရှင်းချင် တယ်။ အဲဒါကြောင့် ဒီဖုန်းခေါ်ဆိုတဲ့ ဟာကို ခဏ ပိတ်ထားတာကို သူတို့ ပြောတယ်” ဟု ACR ဥက္ကဋ္ဌ James Bawi Thang Bik က ပြောသည်။
ယာယီရပ်နားရခြင်းမှာ လက်ရှိမှတ်ပုံတင်ရန် စောင့်ဆိုင်းနေရသူများနှင့် အဖွဲ့အစည်းများမှ ပေးပို့သော စာရင်းများကို ဦးစားပေးရှင်းလင်းရန် အချိန်လိုအပ်နေခြင်းကြောင်းဟု သိရသည်။
My Services Account မှတစ်ဆင့် လျှောက်ထားသူများအနက် နှစ်ကြာစောင့်ဆိုင်းနေသူများကို ရက်ချိန်းများ စတင်ပေးနေပြီဖြစ်ကြောင်း ACR က အသိပေးထားသည်။
လူသစ်မှတ်ပုံတင်ရန် ရက်ချိန်းတောင်းခံခြင်း ယာယီရပ်နားထားသော်လည်း UNHCR သည် မှတ်ပုံတင်ခြင်းနှင့် ကတ်ထုတ်ပေးခြင်းများကို ပုံမှအတိုင်း ဆက်လက် ဆောင်ရွက်သွားမည်ဟု သိရသည်။
အဆိုပါ ရက်ချိန်းတောင်းခံခြင်းကို ၂၀၁၉ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း မလေးရှားနိုင်ငံသို့ ရွေ့ပြောင်း ရောက်ရှိလာသူများ နှင့်သာ သက်ဆိုင်ကြောင်း၊ UNHCR ထံ ရက်ချိန်းတောင်းခံထားသူများမှာ အရေအတွက် များပြားပြီး ၉၅ ရာခိုင်နှုန်းနီး ပါးသည် ရိုဟင်ဂျာ မဟုတ်သော မြန်မာနိုင်ငံမှ အခြားတိုင်းရင်းသားများဖြစ်ကြောင်း သိရသည်။
