(006SV)
ချင်း- ရခိုင်- မကွေး ကုန်စည်စီးဆင်းမှုမှာ အရေးပါသည့် ရွှေအောင်သာကျေးရွာကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ထိန်းချုပ်ပြီးနောက် လတ်တလောမှာ မင်းတပ်မြို့ စစ်မျက်နှာကို စစ်အင်အားဖြည့် ပြင်ဆင်လာမှုကြောင့် စစ်ရေးတင်မားမှု မြင့်တက်လာနေကြောင်း သိရသည်။
နိုဝင်ဘာလဆန်းက ကား ၁၀ စီးခန့်နှင့် အင်အား ၅၀၀ ဝန်းကျင်ကို ထပ်မံအင်အားဖြည့်လာသော စစ်တပ်သည် ကျောက်ထုမြို့ အမြောက်တပ်ရင်း ၃၆၈ မှတဆင့် ရွှေအောင်သာ စစ်မျက်နှာဘက်သို့ စစ်ကူများ ထပ်မံ စေလွှတ်ခဲ့ရာ တော်လှန်ရေးပူးပေါင်းတပ်က ယာယီဆုတ်ခွာပေးလိုက်၍ နိုဝင်ဘာလ ၇ ရက်က ထိန်းချုပ်သွားနိုင်ခဲ့ကြောင်း သိရသည်။
“ဒီလို သုံးလကျော် ကြာသည်အထိ ခုခံပြီးမှ ဒီရွှေအောင်သာကို သိမ်းပိုက်နိုင်သလဲဆိုလို့ရှိရင် အကြောင်း အမျိုးမျိုးကြောင့်၊ အခြေအနေ အမျိုးမျိုးကြောင့် ပေါ့လေနော်။ ဒီပူးပေါင်းတပ်က ယာယီ ဆုတ်ခွာပေးလိုက်လို့ ဒီ ရွှေအောင်သာကို လွယ်လင့်တကူ ရောက်လာနိုင်တာပါ” ဟု ချင်း- မကွေးအစပ်မှ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
မင်းတပ်၊ ကျောက်ထု၊ ထီးလင်းမြို့တို့၏ ဆုံရာအရပ်ဒေသဖြစ်သော ကျောက်ထု- ထီးလင်းလမ်းပေါ်က ရွှေအောင်သာ ကျေးရွာသည် ချင်း၊ ရခိုင်နှင့် ယောဒေသ ကုန်စည်စီးဆင်းရေးအတွက် အချက်အချာ ကျပြီး လက်ရှိမှာ ကုန်သွယ်ရေး လမ်းကြောင်း ပိတ်ဆို့ဖြတ်တောက် ခံရသည့် အခြေအနေမျိုးဖြစ်သည်ဟု သိရသည်။
စစ်တပ်သည် ရွှေအောင်သာရွာကို သိမ်းပိုက်၍ ချင်းပြည်ကုန်သွယ်ရေးကို ပိတ်ဆို့ရန် ကြိုးစားနေမှုကို ခုခံကာကွယ် လျက်ရှိကြောင်း CPU/ CPA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က အောက်တိုဘာလ နှောင်းပိုင်းက ပြောဆိုထားပြီး လက်ရှိမှာ တော်လှန်ရေးအင်အားစုက ယင်းရွာကို လက်လွှတ်ခဲ့ရသည်။
ရွှေအောင်သာရွာမှတစ်ဆင့် မင်းတပ်မြို့သို့ စစ်တပ်က ထိုးစစ်ဆင်မည့် အလာအလား နည်းပါးပြီး မင်းတပ်သို့ ကျောက်ထုဘက်မှတဆင့် အင်အားဖြည့်ထိုးစစ်ဆင်ရန် ပြင်ဆင်နေကြောင်း စစ်ရေးလေ့လာစောင့်ကြည်သူများထံမှ သိရသည်။
“ရွှေအောင်သာကို ထိန်းချုပ်နိုင်သွားတာတော့ ဟုတ်တယ်။ ဒါပေမယ့် မင်းတပ်ရဲ့ အရှေ့မြောက်ဘက်မှာ ဆိုတော့ တောလမ်းပဲ ရှိတယ်။ မင်းတပ်ကို သွားပြီး တိုက်ဖို့ထက် ဒီဆက်သွယ်ရေးလမ်းကြောင်း ဒီကုန်စည်ရိက္ခာစီးဆင်းတဲ့ လမ်းကြောင်းကို အပိတ်ခံလိုက်ရတဲ့ အနေအထားမျိုးပဲ၊၊ မင်းတပ်ကို ရွှေအောင်သာဘက်ကနေ တိုက်ဖို့ မလွယ်ပါဘူး။ ကျင်ဒွေး၊ မင်းတပ်၊ ကန်ပက်လက်ကတော့ စစ်တပ်ရဲ့ ထိုးစစ်က ရပ်တန့်နေတဲ့ အနေအထားမျိုးလို့ပဲ ပြောရမှာပေါ့နော်။ စစ်ဦးကျိုးနေတဲ့ အနေအထားပါပဲ” ဟု စစ်ရေးလေ့လာသုံးသပ်သူ CDM ဗိုလ်ကြီးဇင်ယော်က ပြောသည်။
လက်ရှိမှာ ရွှေအောင်သာကျေးရွာနှင့် ကြည်းရွာတို့မှာ အခြေချတပ်စွဲထားသော စစ်တပ်သည် ရွှေအောင်သာ၏ အနီးဝန်းကျင်ကျေးရွာများဖြစ်သော အောင်းရွာနှင့် တင်းချောင်းရွာတဝိုက်မှာ နယ်မြေရှင်းလင်းရေးအဖြစ် စစ်ကြောင်းထိုးနေပြီး ယင်းစစ်ကြောင်းသည် ထီးလင်းမြို့အထိ ဦးတည်နိုင်ကြောင်း သိရသည်။
ရွှေအောင်သာကျေးရွာကို ထိုးစစ်ဆင်လာသော စစ်အင်အားများထဲက အင်အားရာချီခန့်ကိုလည်း ကျောက်ထုမြို့ အမတ – ၃၆၈ ဘက်သို့ ပြန်လည်ပို့ဆောင်ပြီး ယင်းမှတဆင့် မင်းတပ်စစ်မျက်နှာဘက်သို့ အင်အားဖြည့်တင်ရန် စစ်တပ်က စီစဉ်နေကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။
နိုဝင်ဘာလ ပထမပတ်ကလည်း မင်းတပ်စစ်မျက်နှာအတွက် ကံကြီးနှင့် တောင့်ထက်- ရေရှင်ရွာဘက်သို့ စစ်တပ်သည် အင်အား ၄၀၀ ဝန်းကျင်ခန့် ထပ်မံဖြည့်တင်းထားခဲ့ကြောင်း သိရသည်။
“ ရွှေအောင်သာဘက်ကလည်း မဟာမိတ်တပ်တွေရောပေါ့နော်၊ ခုခံနေတဲ့ တပ်ပေါင်းစုက ယာယီခွာထားတယ် ဆိုတော့၊ ဒီ ရွှေအောင်သာနဲ့ ကြည်းကတော့ ဒါ စစ်ရေး ဟိုဟာပေါ့ နည်းနည်း လျော့သွားတဲ့ အတိုင်းအတာပေါ့ဗျာ။ ထပ်မချဲ့ရင်။ ဒါပေမဲ့ အချိန်မရွေးတော့ ထိတွေ့တိုက်ပွဲ ဖြစ်ပေါ်နိုင်တယ်။ စစ်ရေးအရ ဒါ အခုလက်ရှိကတော့ မင်းတပ်၊ ကျောက်ထုကြားမှာတော့ မင်းတပ်လမ်းမှာတော့ စစ်ရေး ပိုလို့ တင်းမာလာတယ်။ သူတို့ အခု စစ်ရေး လှုပ်ရှားနေတာက တကျော့ပြန်ပေါ့။ ၇ ရက်နေ့က စပြီးတော့ ဒီမင်းတပ် အတက်လမ်းဆိုပေမဲ့ ဝေဘိုးတောင် ဆိုတာကျတော့ ကန်ပက်လက်နယ်ကို ဖြစ်သွားပြီဗျ၊ အဲ့ဒီဘက်ကနေပြီးတော့မှ အမှီပြုပြီးတော့မှ မင်းတပ်ဘက်ကို တက်လာနိုင်တယ်”ဟု ချင်း- မကွေးအစပ်မှ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
မောချောင်းရွာနှင့် လှိုင်းဒုတ်ရွာအနီးတွင် စစ်ဦးကျိုးနေသော ကျင်ဒွေးစစ်မျက်နှာတွင်လည်း စစ်တပ်ထိုးစစ်သည် လက်ရှိမှာ ထိုရွာများမှ ကျင်ဒွေးမြို့ဘက်သို့ ပိုမိုရွေ့လျားလာနိုင်နေပြီး ကန်ပက်လက်စစ်မျက်နှာ၏ စစ်ရေးမှာ ထိတွေ့တိုက်ပွဲ နည်းပါးသော အခြေအနေ ဖြစ်ကြောင်း သိရသည်။
မင်းတပ်မြို့၊ ကန်ပက်လက်မြို့နှင့် ကျင်ဒွေးမြို့သို့ အင်အားထောင်ချီဖြင့် ထိုးစစ်ဆင်နေသော စစ်တပ်နှင့် CPU/ CPA နှင့် မဟာမိတ် ပူးပေါင်းတပ်များသည် ကန်ပက်လက်၊ ကျင်ဒွေး၊ မင်းတပ်နှင့် ရွှေအောင်သာရွာ စစ်မျက်နှာ ၄ ခုတွင် ယခုနှစ်၊ မေလ ၁၆ ရက်မှ စတင်၍ ၅ လဝန်ကျင်းကြာ ထိတွေ့တိုက်ပွဲများနေပြီး ရွှေအောင်သာဘက်တွင် ယာယီဆုတ်ခွာထားကြောင်း သိရသည်။
CPA နှင့် မဟာမိတ်ပူးပေါင်းတပ်များသည် စစ်တပ်ကို အထိနာအောင် အကြိမ်ပေါင်းများစွာ တွန်းလှန်တိုက်ခိုက်နိုင်ခဲ့ပြီး ချင်းပြည်နှင့် ချင်းလူထုကို ခုခံကာကွယ်နေကြောင်း၊ စစ်တပ်ထိုးစစ်ကို ရိုက်ချိုးနိုင်ရန် ပြည်တွင်းပြည်ပ နှင့် နိုင်ငံတကာပြည်သူများအနေဖြင့် တတ်နိုင်သမျှ အားဖြည့်ပံ့ပိုးပေးကြပါရန် ချင်းပြည်သူ့အစည်းအရုံး (CPU/ CPA) တိုက်တွန်းနှိုး ဆော်နေသည်။

