
ပေါက်ကွဲစေတတ်တဲ့ တိုက်ပွဲကြွင်းကျန်ပစ္စည်းတွေဆိုတာဘာလဲ? ဘာကြောင့် အဲဒါတွေကို သိရှိဖို့ အထူးအရေးကြီးတာလဲ?
ပေါက်ကွဲစေတတ်သည့် တိုက်ပွဲကြွင်းကျန်ပစ္စည်းများ (Explosive Remnants of War – ERW) ဆိုတာ တိုက်ပွဲများအတွင်း အသုံးပြုခဲ့သော်လည်း မပေါက်ကွဲဘဲ ကျန်ရစ်ခဲ့တဲ့ လက်နက်ခဲယမ်းတွေကို ဆိုလိုခြင်း ဖြစ်ပါတယ်။
၎င်းတို့မှာ ဘာတွေလဲ?
- ပေါက်ကွဲစေတတ်သည့် တိုက်ပွဲကြွင်းကျန်ပစ္စည်း ဆိုတဲ့အခါမှာ (၂) မျိုး ပါဝင်ပါတယ်။ ပထမတစ်ခုက ပစ်ခတ်လိုက်ပေမယ့် မပေါက်ကွဲဘဲ ကျန်နေတဲ့ မပေါက်ကွဲသေးသော လက်နက်ခဲယမ်းများ (UXO) ဖြစ်ပြီး၊ ဒုတိယတစ်ခုကတော့ လက်နက်ကိုင်အဖွဲ့အစည်းတွေ စွန့်ပစ်ထားခဲ့တဲ့ စွန့်ပစ်ခဲယမ်းများ (AXO) ဖြစ်ပါတယ်။
၁။ မပေါက်ကွဲသေးသော လက်နက်ခဲယမ်းများ (UXO)
- UXO ဆိုသည်မှာ ပစ်ခတ်လိုက်သော်လည်းကောင်း၊ ပစ်ချလိုက်သော်လည်း ကောင်း နည်းပညာချို့ယွင်းချက်ကြောင့်ဖြစ်စေ၊ အခြားအကြောင်းကြောင့်ဖြစ်စေ မပေါက်ကွဲဘဲ ကျန်ရစ်နေခဲ့သော လက်နက်ခဲယမ်းများ ဖြစ်သည်။ ၎င်းတို့သည် နှစ်ပေါင်းများစွာ ကြာသည့်တိုင်အောင် အချိန်မရွေး ပေါက်ကွဲနိုင်သည့် အန္တရာယ်ရှိနေဆဲဖြစ်သည်။
UXO အမျိုးအစားများ
- မော်တာကျည် (Mortars): ထိပ်ပိုင်းတွင် စနက်တံပါပြီး အနောက်တွင် ဒိုင်ခွက် (Fins) ပါရှိသည်။
- လက်ပစ်ဗုံး (Grenades): လက်ဖြင့် ပစ်ရသော ဗုံးများ။
- ဒုံးကျည်/ဒုံးသီး (Rockets/Missiles): အကြီးစား ပေါက်ကွဲမှု ဖြစ်စေနိုင်သည်။
- လေထီးဗုံး/အစုအပြုံလိုက်ဗုံး (Cluster Munitions): ဗုံးသီးငယ်လေးများစွာ ပါဝင်သော ဗုံးများ။
၂။ စွန့်ပစ်ခဲယမ်းများ (AXO)
- AXO ဆိုသည်မှာ တိုက်ပွဲအတွင်း အမှန်တကယ် ပစ်ခတ်ခဲ့ခြင်း မရှိသေးသော်လည်း လက်နက်ကိုင်အဖွဲ့အစည်းများက တစ်စုံတစ်ရာသော အကြောင်းပြချက်ဖြင့် (ဥပမာ – စခန်းစွန့်ခွာချိန် သို့မဟုတ် ဆုတ်ခွာချိန်) စွန့်ပစ်ခဲ့သော သို့မဟုတ် ချန်ထားခဲ့သော လက်နက်ခဲယမ်းများ ဖြစ်သည်။

