(006SV)
အရပ်သား အစိုးရလက်ထက်တွင် အဆင့်မြင့်ပညာရေးမူဝါဒပိုင်းကို အဓိကထား ဆောင်ရွက်ခဲ့သူ ချင်းတိုင်းရင်းသား၊ ဒေါက်တာ မားငိုက်ဆန်းငါ (Prof. Dr. Hmangaihsanga) ကို အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးလိုက်ကြောင်း CRPH က ကြေညာသည်။
ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) သည် ၂၀၂၀ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူလူထုက ဒီမိုကရေစီနည်းကျ အပ်နှင်းလိုက်သော အာဏာကို ကျင့်သုံးလျက် ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်အရ ဒေါက်တာ မားငိုက်ဆန်းငါကို NUG အစိုးရ၏ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်ကြောင်း အောက်တိုဘာလ ၅ ရက်မှာ ထုတ်ပြန်သည်။
ယခင်က NUG အစိုးရ၊ ပညာရေးဝန်ကြီးဌာနမှာ ဒုတိယဝန်ကြီးဖြစ်သူ ကချင်တိုင်းရင်းသူ ဂျာထွယ်ပန်သည် NUG အစိုးရ၏ ဝန်ကြီးဌာန ပြုပြင်ပြောင်းလဲရေး အကောင်အထည်ဖော်မှုအတွင်း ပညာရေးဝန်ကြီးအဖြစ် တာဝန်လိုက်ပြီးနောက် ယနေ့မှာ ယင်းဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးကို ထပ်မံ ခန့်အပ်လိုက်ခြင်းဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရဟူ၍ လူသိများသော အရပ်သားအစိုးရလက်ထက် (၂၀၁၅ – ၂၀၂၀) တွင် ဒေါက်တာ မားငိုက်ဆန်းငါသည် မြန်မာနိုင်ငံ၏ အမျိုးသားအဆင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များမှာ တက်ကြွစွာ ပါဝင်ခဲ့ပြီး အထူးသဖြင့် အဆင့်မြင့်ပညာရေး မူဝါဒပိုင်းကို အဓိကထား တာဝန်ယူ ဆောင်ရွက်ခဲ့သူတစ်ဦးဖြစ်သည်ဟု CRPH မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးထံမှ သိရသည်။
၂၀၂၁ စစ်အာဏာမသိမ်းမီအထိလည်း ဒေါက်တာ မားငိုက်ဆန်းငါသည် တက္ကသိုလ်များနှင့် ပုဂ္ဂလိက ကောလိပ်တို့တွင် ပါမောက္ခနှင့် ဒုတိယပါမောက္ခချုပ်အဖြစ် သင်ကြားရေးနှင့် သုတေသနများတွင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။
ဒေါက်တာ မားငိုက်ဆန်းငါသည် ရန်ကုန်နည်းပညာတက္ကသိုလ် (ယခင်ရန်ကုန်စက်မှုတက္ကသိုလ်) မှ အင်ဂျင်နီယာ မဟာဘွဲ့ (M.E) ကို ရရှိခဲ့ပြီး အိန္ဒိယနှင့် ဂျပန်နိုင်ငံတို့တွင် ဘွဲ့လွန် ဒီပလိုမာနှင့် ပါရဂူဘွဲ့ (Ph.D.) များ တက်ရောက်ရန်အတွက် ပညာသင်ဆုများ ရရှိခဲ့သူဖြစ်သည်။
