ယခုလက်ရှိဆင်နွှဲနေသော တော်လှန်ရေးတိုက်ပွဲတွင် ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် အရေးတော်ပုံအောင်မြင်သည်အ ထိ လက်တွဲတိုက်ပွဲဝင်ကြရန် မတ်လ ၂၀ ရက်နေ့ကျရောက်သော ၃၅ နှစ်မြောက် ချင်းတော်လှန်ရေးနေ့တွင် ချင်းအမျိူးသားတပ်ဦး CNF က တိုက်တွန်းတောင်းဆိုလိုက်သည်။
မတ်လ ၂၀ ရက်နေ့သည် ချင်းအမျိုးသားများ၏ ကိုယ်ပိုင်ပြဌာန်းခွင့်ပြန်လည်ရရှိရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည် ထောင်စုတည်ဆောက်ရေးအတွက် ချင်းအမျိူးသားလက်နက်ကိုင်တော်လှန်ရေးစတင်ခဲ့သည့် ၃၅ နှစ်ပြည့် ချင်းတော်လှန်ရေးနေ့ဖြစ်ပြီး ချင်းအမျိုးသားများဆုံးရှုံးနစ်နာခဲ့သော အခွင့်အရေးများအတွက် နိုင်ငံရေး၊ စစ်ရေးအပြင် သံရေးတမန်ရေး လှုပ်ရှားမှုအရှိန်ကို တိုးမြင့်တိုက်ပွဲဝင်သွားမည်ဟု ချင်းအမျိုးသားတပ်ဦးကဆိုသည်။
“ပြည်သူလူထုတရပ်လုံးအနေနဲ့ မိမိကျွမ်းကျင်မှုအလိုက် အရေးတော်ပုံအောင်မြင်သည်အထိ လက်တွဲတိုက်ပွဲဝင်ကြပါရန်နှင့် တဆက်တည်းတွင် အကြမ်းဖက်စစ်ကောင်စီနှင့်ပူးပေါင်းလုပ်ဆောင်ခြင်း၊ အခွင့်အရေးတောင်းဆိုမှုများကို အထူးရှောင် ရှားကြရန် အလေးအနက် တိုက်တွန်းသည်” ဟု ၃၅ နှစ်မြောက် ချင်းတော်လှန်ရေးနေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ချင်းအမျိုးသားတပ်ဦး/တပ်မတော် သည် ပြည်သူ့တော်လှန်ရေးလမ်းစဉ်ကို အခိုင်အမာစွဲကိုင်ပြီး စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းကာ ဖက်ဒရယ်ဒီမိုကရေစီစနစ်တည်ဆောက်ရေးအတွက် တော်လှန်တိုက်ပွဲဝင်ရာတွင် နိုင်ငံရေးရပ် တည်ချက်တူညီသော မည်သည့်နိုင်ငံ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များနှင့်မဆို လက်တွဲကာ အဆုံးတိုင်တိုက်ပွဲဝင်သွားမည်ဟုလည်း ဖော်ပြထားသည်။
တော်လှန်ရေးကာအတွင်း အသက်ပေးလှူကြသည့် အာဇာနည်ရဲဘော်ရဲမေများ၊ ချင်းအမျိုးသားပြည်သူများအား ဦးညွတ်ဂါရဝပြုသည်ဟု CNF ကဖော်ပြသည်။
စစ်ကောင်စီအား တော်လှန်တိုက်ပွဲဝင်ရာတွင် ချင်းအမျိုးသားပြည်သူများ၏ အနစ်နာခံမှု၊ ပံ့ပိုးကူညီမှုနှင့် ပေးဆပ်မှုများ အပေါ် အထူးဂုဏ်ယူလေးစားကြောင်း၊ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး စစ်ရေးအကြပ်အတည်း ကြောင့် လူမှုဒုက္ခပေါင်းစုံနှင့် ရင်ဆိုင်နေရသော ချင်းပြည်သူနှင့် တနိုင်ငံလုံးပြည်သူများအား စာနာနားလည်ပေးပါကြောင်း အလေးအနက်ဖော်ပြလိုသည်ဟု CNF ၏ ကြေညာချက်တွင် ဖော်ပြထားသည်။
စစ်ကောင်စီ၏ အကြမ်းဖက်မှုကြောင့်ပြည်သူများဆုံးရှုံးခဲ့ရသော လူမှုဘဝပြန်လည်ထူထောင်ရေးအတွက် နိုင်ငံရေးဦးတည်ချက်၊ ယုံကြည်ချက်နှင့် ခံယူချက်တူညီသော အဖွဲ့အစည်းများ လူပုဂ္ဂိုလ်များပါဝင်စေလျက် ချင်းလဲန်းအတွင်း အုပ်ချုပ်ရေး၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို တဆင့်ချင်း အကောင်အထည်ဖော်သွားမည်ဟု CNF က ဆိုသည်။
ချင်းတော်လှန်ရေးနေ့သည် ချင်းအမျိုးသားများ၏ ကိုယ်ပိုင်ပြဌာန်းခွင့်ပြန်လည်ရရှိရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် လက်နက်ကိုင်တော်လှန်ရေးစတင်ရန် ၁၉၈၈ ခုနှစ် မတ် ၂၀ ရက်တွင် ချင်းအမျိုးသားတပ်ဦး CNF ကို စတင်ဖွဲ့စည်းခဲ့ကြသည့် နေ့ရက်ကိုအစွဲပြုပြီး မတ်လ ၂၀ ရက်နေ့ကို ချင်းတော်လှန်ရေးအဖြစ် သတ်မှတ်ခဲ့ကြခြင်းဖြစ်သည်။