(005MK)
အိန္ဒိယဗဟိုအစိုးရသည် မီဇိုရမ်ပြည်နယ်ရှိ စစ်ဘေးရှောင်ဒုက္ခသည် (၄) သောင်းနီးပါးအတွက် ဒုတိယအကြိမ်မြောက် အဖြစ် ရူပီး ၅ ကုဋေ တန်ဖိုးရှိ ဆန်များကို အခမဲ့ ထပ်မံဖြန့်ဝေပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
မီဇိုရမ်ပြည်ထဲရေးဌာနမှ ရရှိသော သတင်းအချက်အလက်များအရ မကြာသေးမီက အဆိုပါဆန်ဖြန့်ဖြူးရေးကိစ္စကို အပြီးသတ် ဆောင်ရွက်နိုင်ခဲ့ကြသည်ဟု All India Radio News ကဖော်ပြသည်။
အဆိုပါဆန်များသည် စားသုံးသူရေးရာ၊ အစားအစာနှင့် အများပြည်သူသို့ ဖြန့်ဖြူးရေးဝန်ကြီးဌာန (MCAF&PD) မှ အိန္ဒိယစားနပ်ရိက္ခာကော်ပိုရေးရှင်း (FCI) မှတစ်ဆင့် မီဇိုရမ်ပြည်နယ် အစားအစာ၊ အရပ်ဘက်ထောက်ပံ့ရေးနှင့် စားသုံးသူရေးရာ (FCS&CA) ဌာနထံသို့ ရောက်ရှိလာပြီးဟုသိရသည်။
ဆန်ဝယ်ယူမှု ကုန်ကျစရိတ်ဖြစ်သော ရူပီးငွေ ၅ ကုဋေကို အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာန (MHA) က ကျခံမှာဖြစ်ပြီး လက်ရှိတွင် ဆန်များကို ဖြန့်ဖြူးပေးနိုင်ရန်အတွက် ခရိုင်အသီးသီးရှိ ဂိုဒေါင်များတွင် ထားရှိရန် စီစဉ်ထားကြသည်။ ဆန်များကို ယခုလ ၃၀ ရက်နေ့မတိုင်ခင် အားလုံးဖြန့်ဖြူးပေးရန် စီစဉ်ထားကြသည်ဟု သိရသည်။
ဆန်စုစုပေါင်း ပမာဏမှာ မက်ထရစ်တန် ၁,၂၉၁ တန်ကျော် ရှိပြီး ခရိုင်တစ်ခုချင်းစီရှိ စစ်ဘေးရှောင်လူဦးရေအပေါ် မူတည်၍ ခွဲဝေဖြန့်ဖြူးပေးသွားမည်ဖြစ်သည်။
အိန္ဒိယဗဟိုအစိုးရသည် လွန်ခဲ့သော ၂၀၂၄ ခုနှစ်ကလည်း မီဇိုရမ်ပြည်နယ်ရှိ စစ်ဘေးရှောင်များအတွက် ရူပီး ၅ ကုဋေ တန်ဖိုးရှိ ဆန်များကို အခမဲ့ ဖြန့်ဖြူးပေးခဲ့ပြီးဖြစ်သည်။
ပြည်ထဲရေးဌာန၏ မှတ်တမ်းများအရ မီဇိုရမ်ပြည်နယ်တွင် ယခုလက်ရှိ မြန်မာနိုင်ငံမှ စစ်ဘေးရှောင် ၂၉,၇၀၂ ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ စစ်ဘေးရှောင် ၁,၆၇၁ ဦးနှင့် မဏိပူရ်ပြည်နယ်မှ စစ်ဘေးရှောင် ၇,၃၄၄ ဦး ရှိနေကြောင်း သိရသည်။
မြန်မာစစ်ဘေးရှောင် အများဆုံးရှိသည့်နေရာမှာ Champhai ခရိုင်ဖြစ်ပြီး လူဦးရေ ၁၂,၀၈၃ ဦးသည်ဟုသိရသည်။ ယင်းအတွက် ဆန် Quintal ၄,၄၆၀ စီစဉ်ထားသည်။ ဒုတိယ စစ်ဘေးရှောင်အများဆုံးဖြစ်သည့် Lawngtlai ခရိုင် အတွက် ဆန် Quintal ၂,၈၅၀ ဖြန့်ဖြူးပေးရန် စီစဉ်ထားသည်။ လောင်တလိုင်ခရိုင်တွင် မြန်မာစစ်ဘေးရှောင် ၆,၃၂၈ ဦးနှင့် ဘင်္ဂလားဒေ့ရှ်စစ်ဘေးရှောင် ၁,၃၅၃ ဦး ရှိကြောင်းဖော်ပြထားသည်။
မီဇိုရမ်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်များအား ဆန်အခမဲ့ဖြန့်ဖြူးပေးမည့် ကိစ္စနှင့်ပတ်သက်၍ ပြည်ထဲရေး ဝန်ကြီး ဌာန (MHA) အနေဖြင့် လွန်ခဲ့သောနှစ် ဧပြီလကတည်းက အကြောင်းကြားစာ ထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း MCAF&PD ဝန်ကြီးဌာနနှင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ရာတွင် အချိန်ကြာမြင့်သွားခဲ့သောကြောင့် ယခုနှစ်မှသာ ဖြန့်ဖြူးပေးနိုင်ရန် အပြီးသတ် စီစဉ်ဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

